YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 2:1-12

ရှင်မာကုခရစ်ဝင် 2:1-12 MSBU

ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​သဖြင့် အိမ်​တံခါး​ရှေ့၌​ပင် နေရာ​မ​ရှိ​တော့ချေ။ ကိုယ်တော်​သည် သူ​တို့​အား နှုတ်ကပတ်​တရား​ကို​ဟောပြော​လျက်​နေ​တော်မူ​၏။ ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​နေရာ​၌​ထိုင်​နေ​ကြ​သော ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် အဘယ်ကြောင့် ထိုကဲ့သို့​ပြော​ရ​သနည်း။ သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​၏။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု မိမိ​တို့​စိတ်​ထဲ၌ တွေးတော​ဆင်ခြင်​ကြ​၏။ သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ လေဖြတ်​သော​သူ​အား ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူတို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လေဖြတ်​သော​သူ​သည်​ထ​၍ အိပ်ရာ​ကို​ချက်ချင်း​ဆောင်ယူ​လျက် လူ​အပေါင်း​တို့​ရှေ့မှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့သြ​ငေးမော​၍ “ငါ​တို့​သည် ဤကဲ့သို့သော​အဖြစ်​မျိုး​ကို တစ်ခါမျှ​မ​မြင်​စဖူး”​ဟု ပြောဆို​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။