YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 15:22-47

ရှင်မာကုခရစ်ဝင် 15:22-47 MSBU

ဤသို့ဖြင့် သူ​တို့​သည် ကိုယ်တော်​ကို ဦးခေါင်းခွံ​အရပ်​ဟု​အဓိပ္ပာယ်​ရှိ​သော ဂေါလဂေါသ​အရပ်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင် ကိုယ်တော်​အား မုရန်​ရောစပ်​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် သောက်​တော်​မ​မူ။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​အား မည်သူ​က မည်သည့်​အဝတ်​ယူ​ရ​မည်​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။ ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သည့်​အချိန်​မှာ နံနက်​ကိုး​နာရီ​ဖြစ်​၏။ ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို​ရေး​ထား​သည့်​ကမ္ပည်းစာ​မှာ “ဂျူး​လူမျိုး​တို့​၏​ဘုရင်”​ဟူ၍​ဖြစ်​၏။ ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ [ဤသို့ဖြင့် “သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင်​ထည့်သွင်း​ခြင်း​ခံရ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ] ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဟေ့၊ ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​၍ သင့်ကိုယ်သင်​ကယ်တင်​လော့”​ဟု ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည်​လည်း ကျမ်းပြု​ဆရာ​တို့​နှင့်အတူ ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ကာ “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ ငါ​တို့​တွေ့မြင်​၍ ယုံကြည်​နိုင်​ရန် အစ္စရေး​ဘုရင်​ဖြစ်​သော​ခရစ်တော်​သည် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ ဆင်း​လာ​ပါစေ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။ မွန်းတည့်​ချိန်​ရောက်​သောအခါ မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လာ​၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် ထိုသို့​ဖြစ်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​အချိန်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍​ဖြစ်​၏။ အနီး​၌​ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။ ထို့နောက် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ချုပ်ငြိမ်း​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ ကိုယ်တော်​ဘက်​သို့​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​စဉ်က နောက်​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​လုပ်ကျွေး​ပြုစု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အပြင် ကိုယ်တော်​နှင့်အတူ ဂျေရုဆလင်​မြို့​သို့​လိုက်ပါ​လာ​သည့် များစွာ​သော​အခြား​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​တည်းဟူသော အဖိတ်နေ့​ဖြစ်​သဖြင့် ညနေချမ်း​အချိန်​ရောက်​သောအခါ ဂုဏ်သရေ​ကြီးမြင့်​သော လွှတ်တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​သော အရိမသဲ​မြို့သား​ယောသပ်​သည်​ရောက်လာ​၍ ပိလတ်​မင်း​ထံသို့ ရဲရင့်​စွာ​ဝင်​ကာ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ပိလတ်​မင်း​သည် ယေရှု​သေဆုံး​ပြီ​လော​ဟု​အံ့ဩ​၍ တပ်မှူး​ကို​ခေါ်​လျက် ယေရှု​သေဆုံး​ပြီ​ဖြစ်​ကြောင်း ဟုတ်​၊ မ​ဟုတ်​မေး​လေ​၏။ တပ်မှူး​ထံမှ ဟုတ်မှန်​ကြောင်း​သိ​ရ​လျှင် အလောင်း​တော်​ကို ယောသပ်​အား​ပေး​လေ​၏။ ထိုအခါ ယောသပ်​သည် ပိတ်ချော​ကို​ဝယ်​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ ကျောက်ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲတွင်​သွင်းထား​၏။ ထို့နောက် ကျောက်တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။ မာဂဒလ​မြို့သူ​မာရိ​နှင့် ယောသေ​၏​မိခင်​ဖြစ်​သော​မာရိ​တို့​သည်​လည်း မည်သည့်​နေရာ​၌ အလောင်း​တော်​ထား​ကြ​သည်​ကို ကြည့်ရှု​ကြ​၏။