ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။ ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ဦးခေါင်းခွံအရပ်ဟုအဓိပ္ပာယ်ရှိသော ဂေါလဂေါသအရပ်သို့ခေါ်ဆောင်သွားပြီးလျှင် ကိုယ်တော်အား မုရန်ရောစပ်ထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။ ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များအား မည်သူက မည်သည့်အဝတ်ယူရမည်ကို မဲချ၍ ခွဲဝေကြ၏။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။ ကိုယ်တော်အပေါ်တင်သောစွဲချက်ကိုရေးထားသည့်ကမ္ပည်းစာမှာ “ဂျူးလူမျိုးတို့၏ဘုရင်”ဟူ၍ဖြစ်၏။ ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ [ဤသို့ဖြင့် “သူသည် တရားမဲ့သောသူတို့၏စာရင်းတွင်ထည့်သွင်းခြင်းခံရ၏”ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်လေ၏။ ] ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် “ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊ လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာ၍ သင့်ကိုယ်သင်ကယ်တင်လော့”ဟု ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည်လည်း ကျမ်းပြုဆရာတို့နှင့်အတူ ကိုယ်တော်ကိုပြောင်လှောင်ကြကာ “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ ငါတို့တွေ့မြင်၍ ယုံကြည်နိုင်ရန် အစ္စရေးဘုရင်ဖြစ်သောခရစ်တော်သည် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာပါစေ”ဟု အချင်းချင်းပြောဆိုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသောသူတို့သည်လည်း ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
ရှင်မာကုခရစ်ဝင် 15 ကိုဖတ်ပါ။
နားထောင်ပါ ရှင်မာကုခရစ်ဝင် 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 15:21-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ