နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။ ထိုအခါ ပိလတ်မင်းက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလေ၏။ ကိုယ်တော်ကလည်း“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို အမျိုးမျိုးစွပ်စွဲကြ၏။ တစ်ဖန် ပိလတ်မင်းသည် ကိုယ်တော်အား “သင်သည် တစ်စုံတစ်ခုမျှမဖြေဘဲနေသလော။ သင့်ကိုမည်မျှလောက်စွပ်စွဲနေကြသည်ကိုကြည့်ပါ”ဟု ဆို၏။ သို့သော် ယေရှုသည် နောက်ထပ် မည်သည့်အရာကိုမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အံ့ဩလေ၏။ ပိလတ်မင်းသည် ပွဲတော်ကျရောက်တိုင်း လူတို့တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။ ထိုအချိန်တွင် ဆူပူအုံကြွမှုဖြစ်စဉ်က လူသတ်မှုကျူးလွန်သဖြင့် ဆူပူအုံကြွသူများနှင့်အတူအကျဉ်းချခံရသည့် ဗာရဗ္ဗဟုခေါ်သောသူတစ်ဦးရှိ၏။ လူထုပရိသတ်သည်ရောက်လာ၍ ပြုလေ့ရှိသည့်အတိုင်း သူတို့အတွက်ဆောင်ရွက်ပေးရန် တောင်းဆိုကြ၏။ ပိလတ်မင်းကလည်း “သင်တို့အတွက် ဂျူးလူမျိုးတို့၏ဘုရင်ကို လွှတ်ပေးစေလိုသလော”ဟု သူတို့အား ပြန်၍မေးလေ၏။ ထိုသို့မေးခြင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံခဲ့ကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဗာရဗ္ဗကိုသာ လွှတ်ပေးမည့်အကြောင်း တောင်းဆိုကြရန် လူထုပရိသတ်ကိုလှုံ့ဆော်ကြ၏။ ထိုအခါ ပိလတ်မင်းက “သို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို မည်သို့ပြုရမည်နည်း”ဟု တစ်ဖန် မေးလေသော် သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပြန်၍အော်ဟစ်ကြ၏။ ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။ ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။ ထိုအခါ စစ်သားများသည် ရုံးတော်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်ဝင်းထဲသို့ ကိုယ်တော်ကိုခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကိုစုရုံးစေကြ၏။ ထို့နောက် ကိုယ်တော်အား ခရမ်းရောင်ဝတ်လုံကိုဝတ်စေလျက် ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေ၍ဆောင်းစေပြီးလျှင် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ကိုယ်တော်အားနှုတ်ဆက်ကြ၏။ ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။ ထိုသို့ ကိုယ်တော်ကိုပြောင်လှောင်ကြပြီးနောက် ခရမ်းရောင်ဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ခေါ်ထုတ်သွားကြ၏။ ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။ ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ဦးခေါင်းခွံအရပ်ဟုအဓိပ္ပာယ်ရှိသော ဂေါလဂေါသအရပ်သို့ခေါ်ဆောင်သွားပြီးလျှင် ကိုယ်တော်အား မုရန်ရောစပ်ထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။
ရှင်မာကုခရစ်ဝင် 15 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 15:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ