YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 14:1-25

ရှင်မာကုခရစ်ဝင် 14:1-25 MSBU

ပသခါ​ပွဲတော်​နှင့် တဆေးမဲ့​မုန့်​ပွဲတော်​များ​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ယေရှု​ကို ပရိယာယ်​အားဖြင့် မည်ကဲ့သို့​ဖမ်းဆီး​သတ်ဖြတ်​ရ​မည်​ကို ရှာကြံ​နေ​ကြ​၏။ သို့သော် သူ​တို့​က “လူ​တို့​ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။ ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင်​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။ ထိုအခါ လူ​အချို့​တို့​သည် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဖြုန်းတီး​ရ​သနည်း။ ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​ကျော်​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု အချင်းချင်း​ပြောဆို​ကာ ထို​အမျိုးသမီး​ကို​အပြစ်တင်​ကြ​၏။ သို့သော် ယေရှု​က“သူ​ပြု​လို​ရာ​ပြု​ပါစေ။ သူ့​ကို အဘယ်ကြောင့်​နှောင့်ယှက်​ကြ​သနည်း။ သူ​သည် ငါ​၌​ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။ အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​၌ အစဉ်​ရှိ​ကြ​သည်​ဖြစ်၍ သင်​တို့​အလိုရှိ​သည့်​အခါ သူ​တို့​ကို​ကျေးဇူးပြု​နိုင်​၏။ ငါ​မူကား သင်​တို့​၌ အစဉ်​ရှိ​သည်​မ​ဟုတ်။ သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ​တစ်​ပါး​ဖြစ်​သော ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​လက်​သို့ ကိုယ်တော်​ကို​အပ်နှံ​ရန် သူ​တို့​ထံသို့​သွား​လေ​၏။ သူ​တို့​သည်​ကြား​လျှင် ဝမ်းမြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု ကတိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်လျော်​သော​အချိန်​၌ ကိုယ်တော်​ကို​အပ်နှံ​နိုင်​ရန် နည်းလမ်း​ကို​ရှာကြံ​လျက်​နေ​၏။ တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​တွင် တပည့်​တော်​တို့​က “ပသခါ​ပွဲတော်​ညစာ​ကို​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​သို့​သွား​၍ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍“မြို့​ထဲသို့​သွား​ကြ​လော့။ ထိုအခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး သူ​ဝင်​သွား​သော​အိမ်​၏​အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို​စား​မည့် ငါ့​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ၍ ပြော​ကြ​လော့။ ထိုအခါ သူ​သည် အဆင်သင့်​ခင်းကျင်း​ထား​သော​အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား ပြ​လိမ့်မည်။ ထို​နေရာ​၌ ငါ​တို့​အတွက် ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း ထွက်သွား​၍ မြို့​ထဲသို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို ပြင်ဆင်​ကြ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ကြွလာ​တော်မူ​၏။ ထို့နောက် သူ​တို့​သည် စားပွဲ​၌​ထိုင်​လျက် စားသောက်​နေ​ကြ​စဉ် ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ငါ​နှင့်အတူ​စား​နေ​သော သင်​တို့​အထဲမှ​တစ်​ဦး​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် စိတ်မကောင်း​ဖြစ်​လျက် “အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ယောက်​ပြီး​တစ်ယောက်​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သူ​တို့​ထဲမှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။ လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍​ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား ပေး​တော်မူ​ရာ သူ​တို့​အားလုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။