YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 1:21-45

ရှင်မာကုခရစ်ဝင် 1:21-45 MSBU

ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထို​အချိန်​၌​ပင် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​က “နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန် ကြွလာ​တော်မူ​သလော။ ကိုယ်တော်​မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်ဟစ်​ပြောဆို​လေ​၏။ ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ​ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ညစ်ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီးလျှင် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် သူ့​အထဲမှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​အရာ​ကား မည်သို့​နည်း။ အခွင့်​အာဏာ​ပါ​သည့် သွန်သင်​ချက်​အသစ်​ပါ​တကား။ ညစ်ညူး​သော​နတ်​များ​ကို​ပင် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်တော်​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​၏။ ဤသို့ဖြင့် ကိုယ်တော်​၏​သတင်း​သည် ဂါလိလဲ​နယ်​ဝန်းကျင်​တစ်ခုလုံး​သို့ ချက်ချင်း​ပျံ့နှံ့​သွား​လေ​၏။ ထို့နောက် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​၍ ယာကုပ်၊ ယောဟန်​တို့​နှင့်အတူ ရှိမုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့ ချက်ချင်း​သွား​ကြ​၏။ ရှိမုန်​၏​ယောက္ခမ​သည် ဖျားနာ​လျက် လဲလျောင်း​နေ​သဖြင့် လူ​တို့​သည် သူ့​အကြောင်း​ကို ကိုယ်တော်​အား မဆိုင်းမတွ​လျှောက်ထား​ကြ​၏။ ကိုယ်တော်​သည်​ချဉ်းကပ်​၍ ထို​အမျိုးသမီး​၏​လက်​ကို​ကိုင်​လျက် ထူမ​တော်မူ​ရာ သူ​သည်​အဖျား​ပျောက်​သဖြင့် သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။ ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ တစ်မြို့လုံး​သည် အိမ်​တံခါးဝ​တွင် စုဝေး​လာ​ကြ​၏။ ထိုအခါ ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​များစွာ​တို့​ကို ကိုယ်တော်​သည်​ကျန်းမာ​စေ​တော်မူ​ပြီး နတ်ဆိုး​များစွာ​တို့​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​တို့​သည် ကိုယ်တော်​ကို​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​အား​စကားပြော​ခွင့်​ပေး​တော်​မ​မူ။ နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။ ထိုအခါ ရှိမုန်​နှင့်​သူ​၏​အပေါင်းအဖော်​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​၍ ကိုယ်တော်​ကို​တွေ့​လျှင် “လူ​အားလုံး​သည် ကိုယ်တော်​ကို လိုက်ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“အနီးအနား​ရှိ အခြား​သော​မြို့​ရွာ​များ​တွင်​လည်း ငါ​ဟောပြော​နိုင်​ရန် ထို​မြို့​ရွာ​များ​သို့ ငါ​တို့​သွား​ကြ​စို့။ အကြောင်းမူကား ငါ​သည် ဤ​အတွက်​လာ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်ဝန်းလုံး​သို့​ကြွ​တော်မူ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက် နတ်ဆိုး​များ​ကို နှင်ထုတ်​တော်မူ​၏။ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် အထံ​တော်​သို့​လာ​၍ ဒူးထောက်​လျက် “ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လျှောက်ထား​လေ​၏။ ကိုယ်တော်​သည် ကြင်နာ​စိတ်​ရှိ​တော်မူ​သဖြင့် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​၍ သူ​သည် စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။ ကိုယ်တော်​က​လည်း“မည်သူ့​ကို​မ​ဆို မည်သည့်​အရာ​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့​၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု တင်းကျပ်​စွာ​မှာကြား​လျက် သူ့​ကို​ချက်ချင်း​ပြန်သွား​စေ​တော်မူ​၏။ သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။