ထို့နောက် ကိုယ်တော်သည် လှေပေါ်တက်၍ ပင်လယ်ကိုကူးပြီးလျှင် မိမိနေရပ်မြို့သို့ကြွတော်မူ၏။ ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဤသူသည် ဘုရားသခင်ကိုစော်ကားပြောဆိုသည်”ဟု အချင်းချင်းပြောဆိုကြ၏။ ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။ ‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။ သို့သော် လူ့သားသည် မြေကြီးပေါ်၌ အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား“ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ လေဖြတ်သောသူသည် ထ၍ မိမိအိမ်သို့ပြန်သွားလေ၏။ ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။ ထို့နောက် ကိုယ်တော်သည် အိမ်ထဲတွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသောအခွန်ကောက်ခံသူတို့နှင့်အပြစ်သားတို့သည် ရောက်လာ၍ တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။ ထိုအခြင်းအရာကို ဖာရိရှဲတို့မြင်လျှင် တပည့်တော်တို့အား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု မေးမြန်းကြ၏။ ကိုယ်တော်သည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။ ထို့နောက် ယောဟန်၏တပည့်များသည် အထံတော်သို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်ကြသော်လည်း ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ အကြောင်းမူကား ဖာထားသောပိတ်စသည် အဝတ်ကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။ စပျစ်ဝိုင်အသစ်ကိုလည်း သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် သားရေဘူးသည် ပေါက်ပြဲသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံးကို တာရှည်ထိန်းသိမ်းနိုင်၏”ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 9:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ