YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 24:32-51

ရှင်မဿဲခရစ်ဝင် 24:32-51 MSBU

သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည်​နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​အားလုံး​ကို​မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့ ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​အားလုံး​မ​ဖြစ်ပျက်​မီ​တိုင်အောင် ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ ထို​နေ့ရက်၊ ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​တစ်ပါးတည်း​မှလွဲ၍ မည်သူမျှ​မ​သိ။ ကောင်းကင်​ဘုံ​ရှိ​ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။ လူ့သား​၏​ကြွလာ​ခြင်း​သည် နောဧ​၏​နေ့ရက်​များ​ကဲ့သို့​ဖြစ်​လိမ့်မည်။ မည်သို့နည်း​ဟူမူကား ရေ​မ​လွှမ်းမိုး​မီ​ကာလ​၌ နောဧ​သည် သင်္ဘော​ထဲသို့ ဝင်​သည့်​နေ့​တိုင်အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်၊ ပေးစား​ဆောင်နှင်း​လျက်​နေ​၍ ရေ​လွှမ်းမိုး​ခြင်း​ရောက်လာ​ပြီး သူတို့​အားလုံး​ကို ဖယ်ရှား​သုတ်သင်​သည့်​တိုင်အောင် သတိ​ကင်းမဲ့​လျက်​နေ​ကြ​၏။ လူ့သား​ကြွလာ​သောအခါ​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။ ထိုအခါ လယ်​၌​ရှိ​သော​လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။ ကြိတ်ဆုံ​ကြိတ်​နေ​သော အမျိုးသမီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။ သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​သခင်​သည် မည်သည့်​နေ့ရက်​၌​ကြွလာ​မည်​ကို သင်​တို့​မ​သိ​ကြ။ အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် သတိ​နှင့်​စောင့်​နေ​လျက် မိမိ​အိမ်​ကို​ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။ ထို့ကြောင့် လူ့သား​သည် သင်​တို့​မ​ထင်မှတ်​သော​အချိန်​၌ ကြွလာ​မည်​ဖြစ်၍ သင်​တို့​သည်​လည်း အသင့်​ရှိ​နေ​ကြ​လော့။ မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။ မိမိ​သခင်​ပြန်လာ​သောအခါ ထို​အတိုင်း​ဆောင်ရွက်​နေ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​သည် မင်္ဂလာရှိ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​၏​ဥစ္စာ​ပစ္စည်း​ရှိသမျှ​ကို​ထိန်းသိမ်း​စောင့်ရှောက်​ရန် သူ့​ကို​ခန့်ထား​လိမ့်မည်။ သို့သော် ဆိုးယုတ်​သော​အစေအပါး​သည် မိမိ​၏​စိတ်​ထဲ၌ ‘ငါ့​သခင်​ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက် အစေအပါး​ချင်း​တို့​ကို ရိုက်နှက်​ကာ ယစ်မူး​သော​သူ​များ​နှင့်အတူ စား​သောက်​လျက်​နေ​လျှင် ထို​အစေအပါး​၏​သခင်​သည် သူ​မျှော်လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အချိန်​တွင်​ရောက်လာ​၍ သူ့​ကို ပြင်းစွာ​ပြစ်ဒဏ်​ပေး​ကာ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​နှင့်အတူ နေရာ​ချ​ထား​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။