YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 22:1-33

ရှင်မဿဲခရစ်ဝင် 22:1-33 MSBU

တစ်ဖန် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​သား​အတွက် မင်္ဂလာဆောင်​ပွဲ​ကျင်းပ​သော ဘုရင်​တစ်​ပါး​နှင့်​တူ​၏။ သူ​သည် ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို မင်္ဂလာဆောင်​ပွဲ​သို့​ခေါ်​လာ​ရန် မိမိ​၏​အစေအပါး​တို့​ကို​စေလွှတ်​သော်လည်း သူ​တို့​သည် မ​လာ​လို​ကြ​ပေ။ တစ်ဖန် သူ​သည် အခြား​သော​အစေအပါး​တို့​အား ‘ငါ​၏​ဧည့်ခံပွဲ​ကို ငါ​ပြင်ဆင်​ထား​ပြီ။ ငါ​၏​နွားလား​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အားလုံး​အဆင်သင့်​ဖြစ်​ပြီ။ မင်္ဂလာဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ၍ မှာကြား​လျက် စေလွှတ်​လေ​၏။ သို့သော် သူ​တို့​သည် ဂရုမစိုက်​ကြ​ဘဲ တစ်​ဦး​သည် မိမိ​လယ်​သို့​လည်းကောင်း၊ အခြား​တစ်​ဦး​သည် မိမိ​ကုန်သွယ်​ရာ​သို့​လည်းကောင်း သွား​ကြ​၏။ အခြား​သော​သူ​တို့​မူကား ဘုရင်​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​လျက် နှိပ်စက်​ကာ သတ်ဖြတ်​ကြ​၏။ ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​စစ်သား​များ​ကို​စေလွှတ်​ကာ ထို​လူသတ်သမား​တို့​ကို​ဖျက်ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီးရှို့​စေ​၏။ ထို့နောက် သူ​၏​အစေအပါး​တို့​အား ‘မင်္ဂလာဆောင်​ပွဲ​သည် အဆင်သင့်​ဖြစ်​သော်လည်း ဖိတ်ခေါ်​ထား​သော​သူ​တို့​သည် မ​ထိုက်တန်​ကြ​သောကြောင့် လမ်းဆုံလမ်းခွ​များ​သို့​သွား​၍ တွေ့​သမျှ​သော​သူ​တို့​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​ကြ​လော့’​ဟု မိန့်​တော်မူ​၏။ ထိုအခါ အစေအပါး​တို့​သည် လမ်း​များ​သို့​သွား​၍ လူ​ဆိုး​ဖြစ်စေ၊ လူ​ကောင်း​ဖြစ်စေ တွေ့​သမျှ​သော​သူ​တို့​ကို စုဝေး​စေ​ကြ​သဖြင့် မင်္ဂလာဆောင်​ပွဲ​သည် ဧည့်သည်​များ​နှင့်​ပြည့်​သွား​လေ​၏။ ဘုရင်​သည် ဧည့်သည်​များ​ကို​ကြည့်ရှု​ရန် ကြွလာ​သောအခါ ထို​နေရာ​၌ မင်္ဂလာဆောင်​ပွဲထိုင်​ဝတ်စုံ​မ​ဝတ်​ထား​သော​လူ​တစ်​ယောက်​ကို မြင်​လျှင် ‘အဆွေ၊ သင်​သည် မင်္ဂလာဆောင်​ပွဲထိုင်​ဝတ်စုံ​ကို​မ​ဝတ်​ဘဲ မည်ကဲ့သို့ ဤ​နေရာ​သို့​ဝင်​လာ​သနည်း’​ဟု ထို​သူ​အား မေး​တော်မူ​၏။ သို့သော် သူ​သည် နှုတ်ဆိတ်​လျက်​နေ​လေ​၏။ ထိုအခါ ဘုရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်နှောင်​၍ သူ့​ကို အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု အစေခံ​တို့​အား မိန့်​တော်မူ​၏။ အကြောင်းမူကား ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​သည် များစွာ​ရှိ​ကြ​သော်လည်း ရွေးကောက်​ခံရ​သော​သူ​တို့​သည် နည်း​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် အကွက်ဆင်​ဖမ်း​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။ ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ သို့ဖြစ်၍ ဆရာ​မည်သို့​ထင်မြင်​ကြောင်း အကျွန်ုပ်​တို့​အား ပြောပြ​ပါ။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေးလျှောက်​စေ​ကြ​၏။ သို့သော် ယေရှု​သည် သူ​တို့​၏​ဆိုးညစ်​မှု​ကို​သိ​တော်မူ​၍“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။ အခွန်​ငွေဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့”​ဟု မိန့်​တော်မူ​လျှင် သူ​တို့​သည် ဒေနာရိ​တစ်​ပြား​ကို အထံ​တော်​သို့​ယူလာ​ကြ​၏။ ကိုယ်တော်​က​လည်း“ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သို့ဖြစ်လျှင် ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အံ့ဩ​၍ ကိုယ်တော်​ထံမှ ထွက်သွား​ကြ​၏။ ထို​နေ့​၌​ပင် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော​ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “ဆရာ၊ လူ​တစ်​ဦး​သည် သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်ကို​၏​မယား​ကို ဆက်ခံ​ထိမ်းမြား​လျက် သူ့​အစ်ကို​၏​မျိုးဆက်​ကို ပေါက်ဖွား​စေ​ရ​မည်​ဟု မောရှေ​ညွှန်ကြား​ခဲ့​ပါ​သည်။ အကျွန်ုပ်​တို့​ထံတွင် ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် အိမ်ထောင်ပြု​ပြီး မျိုးဆက်​မ​ရှိ​ဘဲ သေဆုံး​လျက် သူ​၏​မယား​ကို သူ့​ညီ​ထံ ထားရစ်​ခဲ့​ပါ​သည်။ ဒုတိယ​ညီ​နှင့်​တတိယ​ညီ​မှစ၍ ခုနစ်​ယောက်​မြောက်​တိုင်အောင် ထိုနည်းတူ​ဖြစ်​ကြ​ပါ​သည်။ နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။ သို့ဖြစ်လျှင် ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ ထို​မိန်းမ​သည် ထို​ခုနစ်​ဦး​တို့​ထဲမှ မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ထို​မိန်းမ​နှင့်​ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​၍ အယူလွဲ​နေ​ကြ​၏။ အကြောင်းမူကား ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ လူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့ ဖြစ်​ကြ​၏။ သေ​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏’ဟု သင်​တို့​အား မိန့်​တော်မူ​ခဲ့​သော​စကား​ကို မ​ဖတ်​ဖူး​ကြ​သလော။ ဘုရားသခင်​သည် သေ​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ လူထု​ပရိသတ်​တို့​သည် ကြား​သောအခါ ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။

ရှင်မဿဲခရစ်ဝင် 22:1-33 အကြောင်း ဗီဒီယိုများ