YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 21:1-19

ရှင်မဿဲခရစ်ဝင် 21:1-19 MSBU

သူ​တို့​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ “သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ထိုအခါ ချည်​ထား​သော​မြည်းမ​နှင့် သူ​၏​အနား​တွင်​ရှိ​သော​မြည်း​ကလေး​ကို သင်​တို့​ချက်ချင်း​တွေ့​ကြ​လိမ့်မည်။ မြည်း​ကြိုး​ဖြေ​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ကြ​လော့။ တစ်စုံတစ်ယောက်​က သင်​တို့​အား တစ်စုံတစ်ခု​ပြော​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့။ ထိုသို့​ပြော​လျှင် ၎င်း​တို့​ကို ချက်ချင်း​ပို့​ပေး​လိမ့်မည်”​ဟူ၍ မိန့်​တော်မူ​၏။ ဤ​အမှုအရာ​ဖြစ်ပျက်​ခဲ့​ခြင်း​မှာ “ ‘ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်းမ​နှင့်​မြည်း​၏​သား​တည်းဟူသော မြည်း​ကလေး​ကို​စီး​လျက် နူးညံ့​သိမ်မွေ့​စွာ​ဖြင့် သင့်​ထံသို့​ကြွလာ​တော်မူ​၏’​ဟူ၍ ဇိအုန်​သမီး​အား ပြောကြား​ကြ​လော့”​ဟု ပရောဖက်​အားဖြင့်​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ တပည့်​တော်​တို့​သည်​လည်း သွား​၍ သူ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​၏။ သူ​တို့​သည် မြည်းမ​နှင့်​မြည်း​ကလေး​ကို ခေါ်ဆောင်​လာ​ပြီးလျှင် ထို​မြည်း​တို့​အပေါ်၌ အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ၎င်း​တို့​အပေါ်​ထိုင်​တော်မူ​၏။ အလွန်​များပြား​သော​လူထု​ပရိသတ်​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား သစ်ပင်​တို့​မှ အကိုင်းအခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်၌​ခင်း​ကြ​၏။ ကိုယ်တော်​၏​ရှေ့​မှ​သွား​သော​လူထု​ပရိသတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူထု​ပရိသတ်​များ​သည် “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း။ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​တော်မူ​ရာ တစ်​မြို့​လုံး​ရုတ်ရုတ်ရက်ရက်​ဖြစ်​သဖြင့် “ဤ​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။ လူထု​ပရိသတ်​များ​က​လည်း “ဤ​သူ​သည် ဂါလိလဲ​နယ် နာဇရက်​မြို့​မှ ပရောဖက်​ယေရှု​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အပေါင်း​တို့​ကို နှင်ထုတ်​ပြီး ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​ကာ ထို​သူ​တို့​အား“ ‘ငါ့​အိမ်​သည် ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သော်လည်း သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ ဖြစ်​စေ​ကြ​ပြီ​တကား”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ဗိမာန်​တော်​၌ မျက်မမြင်​များ​နှင့်​ခြေ​မသန်စွမ်း​သူ​များ​သည် အထံ​တော်​သို့​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ကျမ်းပြု​ဆရာ​များ​သည် ကိုယ်တော်​ပြု​တော်မူ​သော အံ့သြဖွယ်​အမှု​တို့​ကို​လည်းကောင်း၊ “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ဗိမာန်​တော်​၌ ကလေး​များ​ကြွေးကြော်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​လျှင် အမျက်​ထွက်​ကြ​၍ “ဤ​ကလေး​တို့​ပြောဆို​နေ​သော​အရာ​ကို ကြား​သလော”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ငါ​ကြား​၏။ ‘ကလေး​သူငယ်​များ​နှင့် နို့စို့​ကလေး​ငယ်​များ​၏​နှုတ်​ထဲမှ ချီးမွမ်း​ခြင်း​ကို ကိုယ်တော်​ပြင်ဆင်​တော်မူ​၏’ဟူသော ရေးထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲမှ​ထွက်ခွာ​လျက် ဗေသနိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​ကုန်လွန်​စေ​တော်မူ​၏။ နံနက်​စောစော မြို့​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။ ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား“ယခု​မှစ၍ ကာလ​အစဉ်အဆက် သင်​၌​အသီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။