YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 18:1-20

ရှင်မဿဲခရစ်ဝင် 18:1-20 MSBU

ထို​အချိန်​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “ကောင်းကင်​နိုင်ငံ​တော်​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌ ရပ်​စေ​ပြီးလျှင် “သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ပြောင်းလဲ​၍ ကလေး​သူငယ်​များ​ကဲ့သို့​မ​ဖြစ်​လျှင် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ထို့ကြောင့် ဤ​သူငယ်​ကဲ့သို့ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အကြီးမြတ်ဆုံး​ဖြစ်​၏။ ဤသို့​သော​သူငယ်​တစ်​ယောက်​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​လက်ခံ​၏။ သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​၏​ရေနက်ရာ​တွင် နှစ်မြှုပ်​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ ဤ​လောက​သည် မှားယွင်း​စေ​သော​အရာ​များ​ကြောင့် အမင်္ဂလာရှိ​၏။ မှားယွင်း​စေ​သော​အရာ​များ​သက်ရောက်​မည်ကို လွှဲရှောင်​၍​မ​ရ​နိုင်။ သို့သော် မှားယွင်း​စေ​သော​အရာ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။ သင်​၏​လက်​၊ သို့မဟုတ် သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ လက်​နှစ်​ဖက်​၊ သို့မဟုတ် ခြေ​နှစ်​ဖက်​ပါ​လျက် ထာဝရ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် လက်​တစ်ဖက်​၊ သို့မဟုတ် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ထို့ပြင် သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍ လွှင့်ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ [အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို ကယ်တင်​ရန် ကြွလာ​၏။] သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ တစ်စုံတစ်ယောက်​သော​သူ​၌ သိုး​အကောင်​တစ်ရာ​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ကောင်​သည် လမ်းလွဲ​ပျောက်ဆုံး​လျှင် သူ​သည် ကိုးဆယ့်ကိုး​ကောင်​ကို တောင်​ပေါ်၌​ထားခဲ့​၍ လမ်းလွဲ​ပျောက်ဆုံး​နေ​သော​သိုး​ကို သွား​၍​ရှာ​မည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သူ​သည် ထို​သိုး​ကို​တွေ့​လျှင် လမ်းလွဲ​ပျောက်ဆုံး​ခြင်း​မ​ရှိ​သော ကိုးဆယ့်ကိုး​ကောင်​အတွက် ဝမ်းမြောက်​သည်​ထက် ထို​သိုး​တစ်​ကောင်​အတွက် ပို၍​ဝမ်းမြောက်​လိမ့်မည်။ ထိုနည်းတူ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​သည် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်​ယောက်​ကို​မျှ ပျက်စီး​စေရန် အလို​တော်​မ​ရှိ။ သင်​၏​ညီအစ်ကို​သည် သင့်​အား​ပြစ်မှား​လျှင် သွား​၍ နှစ်ကိုယ်​ကြား သူ့​ကို​ဆိုဆုံးမ​လော့။ သူ​သည် သင်​၏​စကား​ကို​နားထောင်​လျှင် သင်​၏​ညီအစ်ကို​ကို သင်​ရရှိ​ပြီ။ နား​မ​ထောင်​လျှင်​မူကား သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​ကို​အတည်ပြု​စေရန်အခြား​တစ်​ဦး​၊ သို့မဟုတ် နှစ်​ဦး​ကို သင်​နှင့်အတူ​ခေါ်သွား​လော့။ သူ​သည် ထို​သူ​တို့​၏​စကား​ကို​ဂရုမစိုက်​လျှင် အသင်းတော်​အား ပြောကြား​လော့။ အသင်းတော်​၏​စကား​ကို​လည်း ဂရုမစိုက်​လျှင် သာသနာပ​လူမျိုးခြား​နှင့်​အခွန်​ကောက်ခံ​သူ​ကဲ့သို့ သူ့​ကို​မှတ်ယူ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မြေကြီး​ပေါ်၌ သင်​တို့​ချည်နှောင်​သမျှ​သည် ကောင်းကင်​ဘုံ​၌ ချည်နှောင်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ မြေကြီး​ပေါ်၌ သင်​တို့​ဖြေလွှတ်​သမျှ​သည်​လည်း ကောင်းကင်​ဘုံ​၌ ဖြေလွှတ်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ တစ်ဖန် သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် လူ​နှစ်​ဦး​သည် မိမိ​တို့​တောင်းလျှောက်​သည့်​အရာ​အားလုံး​အတွက် မြေကြီး​ပေါ်၌ စိတ်သဘော​တူ​ကြ​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​သည် သူ​တို့​အတွက် ၎င်း​ကို ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ အကြောင်းမူကား လူ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​တို့​သည် ငါ​၏​နာမ​ဖြင့် တစ်နေရာရာ​တွင် စုဝေး​ကြ​သောအခါ ထို​နေရာ​တွင် သူ​တို့​အလယ်​၌ ငါ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။