YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 14:22-36

ရှင်မဿဲခရစ်ဝင် 14:22-36 MSBU

ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ထို​နေရာ​၌ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထိုစဉ် လှေ​သည် ကမ်း​မှ​အတော်​ဝေးကွာ​နေ​ပြီး လေ​ဆန်​ဖြစ်​သောကြောင့် လှိုင်း​များ​၏​ရိုက်ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။ မိုးသောက်ယံ​အချိန်​၌ ကိုယ်တော်​သည် ပင်လယ်​ပေါ်တွင် လမ်းလျှောက်​လျက် သူ​တို့​ထံသို့ ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ “တစ္ဆေ”​ဟု အလန့်တကြား​အော်ဟစ်​ကြ​၏။ သို့သော် ယေရှု​က“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်ချင်း​မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်တော်​ထံသို့ ရေ​ပေါ်မှာ​လျှောက်လာ​ရ​မည့်​အကြောင်း အကျွန်ုပ်​ကို အမိန့်​ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​ရာ ပေတရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်းလျှောက်​လျက် ယေရှု​ထံသို့​သွား​လေ​၏။ သို့သော် ပြင်းထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေနစ်​စ​ပြု​သည်​နှင့် “သခင်​ဘုရား၊ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။ ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ“ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် လှေ​ပေါ်သို့​တက်​ကြ​ရာ လေ​သည် ငြိမ်​သွား​လေ​၏။ ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။ ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​ကြ​၏။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​သည် ကိုယ်တော်​ကို​မှတ်မိ​ကြ​သဖြင့် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ လူ​ကို​စေလွှတ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီးလျှင် သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

​ရှင်မဿဲခရစ်ဝင် 14:22-36 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။