ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။ လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။ ထိုစဉ် လှေသည် ကမ်းမှအတော်ဝေးကွာနေပြီး လေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။ မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ပင်လယ်ပေါ်တွင် လမ်းလျှောက်လျက် သူတို့ထံသို့ ကြွတော်မူ၏။ တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တုန်လှုပ်ချောက်ချား၍ “တစ္ဆေ”ဟု အလန့်တကြားအော်ဟစ်ကြ၏။ သို့သော် ယေရှုက“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။ ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်ဖြစ်သည်မှန်လျှင် ကိုယ်တော်ထံသို့ ရေပေါ်မှာလျှောက်လာရမည့်အကြောင်း အကျွန်ုပ်ကို အမိန့်ပေးတော်မူပါ”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။ သို့သော် ပြင်းထန်သောလေကိုမြင်လျှင် ကြောက်၍ ရေနစ်စပြုသည်နှင့် “သခင်ဘုရား၊ အကျွန်ုပ်ကိုကယ်တော်မူပါ”ဟု အော်ဟစ်လေ၏။ ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 14:22-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ