YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိအနာဂတ္တိကျမ်း 2:10-17

မာလခိအနာဂတ္တိကျမ်း 2:10-17 MSBU

ငါ​တို့​အားလုံး​၌ ဖခင်​တစ်ဦးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင် တစ်ပါးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​သည် အဘယ်ကြောင့် ငါ​တို့​ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး တစ်ယောက်​ကို​တစ်ယောက်​သစ္စာဖောက်​ကြ​မည်နည်း​။ ယုဒ​အမျိုး​သည် သစ္စာမရှိ​။ အစ္စရေး​ပြည်​တွင်​လည်းကောင်း​၊ ဂျေရုဆလင်​မြို့​တွင်​လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​လေ​ပြီ​။ အကယ်စင်စစ် ယုဒ​အမျိုး​သည် တိုင်းတစ်ပါး​ဘုရား​ကို​ကိုးကွယ်​သော​သမီးပျို​တို့​နှင့် စုံဖက်​ခြင်း​ဖြင့် ထာဝရဘုရား​မြတ်နိုး​တော်မူ​သော​သန့်ရှင်းစင်ကြယ်​ခြင်း​ကို ညစ်ညူး​စေ​လေ​ပြီ​။ ထိုသို့​ပြု​သော​သူ မည်သူမဆို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​သို့ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​လျှင် ထာဝရဘုရား​သည် ထို​သူ​၏​မျိုးနွယ်​ကို ယာကုပ်​၏​တဲ​မှ နှင်ထုတ်​တော်မူ​ပါစေသော​။ သင်​တို့​ပြု​သော​အပြစ်​နောက်တစ်ခု​မှာ ထာဝရဘုရား​သည် သင်​တို့​ပေးလှူ​သော​ပူဇော်သက္ကာ​ကို လက်​မ​ခံ​၊ အရေး​မ​စိုက်​သောကြောင့် သင်​တို့​သည် ငိုကြွေး​မြည်တမ်း​လျက် ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို မျက်ရည်​ဖြင့် လွှမ်းမိုး​စေ​ကြ​၏​။ သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။ သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။ “မိမိ​မယား​နှင့်​ကွာရှင်း​သော​သူ​၊ ရက်စက်ကြမ်းကြုတ်မှု​ကို ဝတ်လုံ​နှင့်​ဖုံးကွယ်​သော​သူ​အား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား မုန်း​တော်မူ​၏​။ သို့ဖြစ်၍ ကိုယ့်​စိတ်​ကို ထိန်း​၍ သစ္စာ​မ​ဖောက်​ကြ​နှင့်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ သင်​တို့​သည် သင်​တို့​၏​စကား​များ​ဖြင့် ထာဝရဘုရား​ကို ပင်ပန်း​စေ​ကြ​၏​။ သို့သော် သင်​တို့​က “ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ပင်ပန်း​စေ​သနည်း​”​ဟု မေး​တတ်​ကြ​၏​။ “​မကောင်းမှု​ကို​ပြု​သော​သူ​အားလုံး ထာဝရဘုရား​ရှေ့​တော်​၌ လူ​ကောင်း​ဖြစ်​၏​။ ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို နှစ်သက်​တော်မူ​၏​”​ဟု သင်​တို့​ဆို​ရုံ​သာမက “တရားမျှတ​သော​ဘုရားသခင် အဘယ်မှာ​ရှိ​သနည်း”​ဟု သင်​တို့​ဆို​တတ်​ကြ​ပြီ​တကား​။