YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 8:40-56

ရှင်လုကာခရစ်ဝင် 8:40-56 MSBU

ယေရှု​ပြန်ကြွ​လာ​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​စောင့်မျှော်​နေ​ကြ​၏။ ထိုအခါ ယာဣရု​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် အထံ​တော်​သို့​ရောက်လာ​၏။ ထို​သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ဖြစ်​၏။ သူ​သည် ယေရှု​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ မိမိ​အိမ်​သို့​ကြွ​တော်မူ​ရန် တောင်းပန်​၏။ အကြောင်းမူကား တစ်ဆယ့်နှစ်​နှစ်​အရွယ်​ခန့်​ရှိ​သော သူ​၏​တစ်ဦးတည်း​သော​သမီး​သည် သေ​အံ့ဆဲဆဲ​ဖြစ်​နေ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ် လူထု​ပရိသတ်​သည် ကိုယ်တော်​ထံ​စုပြုံ​တိုးဝှေ့​ကြ​၏။ ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​လျက် ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​လေ​၏။ ထိုအခါ ယေရှု​က“ငါ့​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​လျှင် အားလုံး​က​ငြင်းဆို​ကြ​၏။ ပေတရု​က “သခင်၊ လူထု​ပရိသတ်​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် တိုးဝှေ့​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“တစ်စုံတစ်ယောက်​သည် ငါ့​ကို​တို့ထိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ့​ထံမှ​တန်ခိုး​ထွက်​သည်​ကို ငါ​သိ​၏”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​သည် ဖုံးကွယ်​ထား​၍​မ​ရ​ကြောင်း​သိ​သောအခါ တုန်လှုပ်​လျက်​ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ကိုယ်တော်​ကို​တို့ထိ​ရ​သည့်​အကြောင်း​ကို​လည်းကောင်း၊ အနာရောဂါ​ချက်ချင်း​ပျောက်ကင်း​ခဲ့​ပုံ​ကို​လည်းကောင်း လူ​အပေါင်း​တို့​ရှေ့​တွင် ပြောပြ​လေ​၏။ ကိုယ်တော်​က​လည်း“သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု သူ့​အား မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အိမ်​မှ လူ​တစ်​ဦး​သည်​ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို ဆက်၍​မ​နှောင့်ယှက်​ပါ​နှင့်”​ဟု ပြော​လေ​၏။ ယေရှု​သည်​ကြား​လျှင်“မ​စိုးရိမ်​နှင့်။ ယုံကြည်​ခြင်း​သာ​ရှိ​လော့။ သို့ပြုလျှင် သူငယ်မ​သည် အကောင်း​ပကတိ​ဖြစ်​လိမ့်မည်”​ဟု ဝတ်ပြု​စည်းဝေးကျောင်း​တာဝန်ခံ​အား မိန့်​တော်မူ​၏။ ထို့နောက် အိမ်​သို့​ရောက်​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် သူငယ်မ​၏​မိခင်​ဖခင်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ အိမ်​ထဲသို့​ဝင်​ခွင့်ပြု​တော်​မ​မူ။ လူ​အပေါင်း​တို့​သည် သူငယ်မ​အတွက် ရင်ဘတ်​စည်တီး​လျက်​ငိုကြွေး​နေ​ကြ​၏။ ကိုယ်တော်​က​လည်း“မ​ငိုကြွေး​ကြ​နှင့်။ သူငယ်မ​သည် သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​ရာ သူ​တို့​သည် သူငယ်မ သေဆုံး​ပြီ​ဖြစ်ကြောင်း သိ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် သူငယ်မ​၏​လက်​ကို​ကိုင်​လျက်“သူငယ်မ၊ ထ​လော့”​ဟု ခေါ်​တော်မူ​လျှင် သူငယ်မ​၏​ဝိညာဉ်​သည်​ပြန်ဝင်​လာ​သဖြင့် သူ​သည် ချက်ချင်း​ထ​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​အား စား​စရာ​ပေး​ရန် အမိန့်​ပေး​တော်မူ​၏။ ထိုအခါ မိဘ​တို့​သည် အံ့သြ​ငေးမော​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် ဤ​အဖြစ်အပျက်​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 8:40-56 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။