YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 8:22-39

ရှင်လုကာခရစ်ဝင် 8:22-39 MSBU

တစ်​နေ့​သ၌ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​တက်​ပြီးလျှင်“အိုင်​တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည် ရွက်လွှင့်​သွား​ကြ​၏။ သူ​တို့​ရွက်လွှင့်​နေ​စဉ် ကိုယ်တော်​သည် အိပ်စက်​တော်မူ​၏။ ထိုအခါ အိုင်​ပေါ်တွင် လေ​မုန်တိုင်း​ကျ​လာ​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်၍ သူ​တို့​သည် အန္တရာယ်​နှင့်​ရင်ဆိုင်​ကြ​ရ​၏။ တပည့်​တော်​တို့​သည်​ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်၊ သခင်၊ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည်​ထ​၍ လေ​နှင့်​လှိုင်းတံပိုး​တို့​ကို​ဆုံးမ​တော်မူ​ရာ ၎င်း​တို့​သည်​ရပ်တန့်​ကြ​ပြီး ငြိမ်သက်​သာယာ​သွား​လေ​၏။ ထို့နောက် ကိုယ်တော်​က“သင်​တို့​၏​ယုံကြည်​ခြင်း​အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​ကြောက်ရွံ့​အံ့သြ​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အမိန့်​ပေး​သောအခါ ၎င်း​တို့​သည် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထို့နောက် သူ​တို့​သည် ဂါလိလဲ​နယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့ ဆက်၍​ရွက်လွှင့်​ကြ​၏။ ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ သူ​သည် ယေရှု​ကို​မြင်​လျှင် အော်ဟစ်​လျက် ရှေ့​တော်​၌​ပျပ်ဝပ်​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ် မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ကိုယ်တော်​ကို အကျွန်ုပ်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် လျှောက်ထား​လေ​၏။ ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ညစ်ညူး​သော​နတ်​အား ထို​သူ့​အထဲမှ​ထွက်သွား​ရန် အမိန့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို​နတ်​သည် သူ့​ကို​ကြိမ်ဖန်​များစွာ​ဝင်ပူး​သဖြင့် သူ့​ကို သံကြိုး​နှင့်​ခြေချင်း​တို့​ဖြင့် ချည်နှောင်​ဖမ်းချုပ်​လျက် စောင့်ကြပ်​ထား​သော်လည်း သူ​သည် ထို​အရာ​များ​ကို​ချိုးဖြတ်​ကာ တော​ကန္တာရ​သို့ နတ်ဆိုး​၏​နှင်​ခြင်း​ကို​ခံရ​၏။ ယေရှု​က​လည်း ထို​သူ​အား“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ သူ့​အထဲ၌ နတ်ဆိုး​များစွာ​ဝင်ပူး​နေ​သောကြောင့် ထို​သူ​က “လေဂေါင်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ တစ်ဖန် နတ်ဆိုး​တို့​က မိမိ​တို့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​သွား​ရန် အမိန့်​မ​ပေး​ပါ​မည့်အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ထို​အရပ်​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​သည် တောင်ကုန်း​ပေါ်တွင် ကျက်စား​လျက်​ရှိ​၏။ နတ်ဆိုး​တို့​သည် ထို​ဝက်​များ​ထဲသို့​ဝင်​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ခွင့်ပြု​တော်မူ​၏။ ထိုအခါ နတ်ဆိုး​တို့​သည် ထို​လူ​ထဲမှ​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း အိုင်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေနစ်​သေဆုံး​ကြ​ကုန်​၏။ ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​မြင်​ကြ​သောအခါ ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​လေ​၏။ လူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​ကြည့်ရှု​ရန် ထွက်လာ​၍ ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ နတ်ဆိုး​များ​ထွက်သွား​သော​သူ​သည် အဝတ်​ဝတ်​ထား​ကာ ယေရှု​၏​ခြေ​တော်​ရင်း​၌ ပကတိ​စိတ်​ရှိ​လျက် ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။ မျက်မြင်​တွေ့ရှိ​ခဲ့​သူ​များ​က​လည်း နတ်ဆိုး​ပူး​သူ မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​ခဲ့​သည်​ကို ထို​သူ​တို့​အား ပြောပြ​ကြ​၏။ ထိုအခါ ဂါရစ​နယ်သူ​နယ်သား​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့​သဖြင့် သူ​တို့​ထံမှ​ထွက်သွား​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည်​လည်း လှေ​ပေါ်သို့​တက်​၍ ပြန်သွား​တော်မူ​၏။ နတ်ဆိုး​များ​ထွက်သွား​သော​သူ​က ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​လေ​၏။ သို့သော် ကိုယ်တော်​က “သင့်​အိမ်​သို့​ပြန်​၍ သင့်​အပေါ် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​လော့”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို​ပြန်သွား​စေ​၏။ ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ် ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို တစ်မြို့လုံး​အနှံ့​ပြောကြား​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။