YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 5:12-26

ရှင်လုကာခရစ်ဝင် 5:12-26 MSBU

ကိုယ်တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်မူ​စဉ် တစ်ကိုယ်လုံး​အနာကြီး​ရောဂါ​စွဲကပ်​နေ​သူ​တစ်​ဦး​သည် ယေရှု​ကို​မြင်​လျှင် ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလို​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လေ​၏။ ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​လေ​၏။ ထိုအခါ ကိုယ်တော်​သည် မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်မှာ​လျက်“ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ထား​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု မိန့်​တော်မူ​၏။ သို့ရာတွင် ကိုယ်တော်​၏​သတင်း​သည် ပို၍​ပျံ့နှံ့​သွား​သဖြင့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​၏​အနာရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် စုဝေး​လာ​ကြ​၏။ သို့သော် ကိုယ်တော်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့​သွား​၍ ဆုတောင်း​လေ့​ရှိ​တော်မူ​၏။ တစ်​နေ့​သ၌ ကိုယ်တော်​သည် သွန်သင်​လျက်​နေ​တော်မူ​စဉ် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​ရှိ ကျေးရွာ​အပေါင်း​တို့​မှ​လည်းကောင်း၊ ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ရောက်လာ​ကြ​သော ဖာရိရှဲ​နှင့်​ကျမ်းတတ်​ဆရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အနာရောဂါ​ငြိမ်း​စေရန် ထာဝရ​ဘုရား​၏​တန်ခိုး​တော်​သည် ကိုယ်တော်​၌​ရှိ​၏။ ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ပြီး သူ့​ကို​အထဲသို့​သွင်း​၍ ကိုယ်တော်​ရှေ့​၌​ချ​ထား​ရန် ကြိုးစား​ကြ​၏။ သို့ရာတွင် လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သဖြင့် လေသာဆောင်​အပေါ်သို့​တက်​ကာ အုတ်ကြွပ်​ကို​ခွာ​၍ လူနာ​ကို ပရိသတ်​အလယ် ယေရှု​၏​ရှေ့​တော်​သို့ အိပ်ရာ​နှင့်တကွ​လျှောချ​ကြ​၏။ ကိုယ်တော်​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင်“အချင်း​လူ၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဘုရားသခင်​ကို​စော်ကား​ပြောဆို​သော​ဤ​သူ​ကား မည်သူ​နည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု တွေးတော​ဆင်ခြင်​ကြ​၏။ ယေရှု​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ သို့သော် လူ့သား​သည် မြေကြီး​ပေါ်တွင် အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူ​တို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား“သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လေဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်ချင်း​ထ​၍ မိမိ​လဲလျောင်း​ခဲ့​သော​အိပ်ရာ​ကို ဆောင်ယူ​ပြီးလျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် မိမိ​အိမ်​သို့​ပြန်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် မိန်းမော​တွေဝေ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ယနေ့ ငါ​တို့​သည် အံ့ဖွယ်​သော​အမှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အလွန်​ထိတ်လန့်​အံ့ဩ​သော​စိတ်​ဖြင့်​ပြောဆို​ကြ​၏။

ရှင်လုကာခရစ်ဝင် 5:12-26 အကြောင်း ဗီဒီယိုများ