YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 4:31-44

ရှင်လုကာခရစ်ဝင် 4:31-44 MSBU

ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်၊ ကပေရနောင်​မြို့​သို့​ဆင်းသွား​၍ ဥပုသ်နေ့​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ကိုယ်တော်​၏​စကား​တော်​သည် အခွင့်​အာဏာ​ရှိ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ ထို​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် နတ်ဆိုး​တည်းဟူသော​ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အို နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန်​ကြွလာ​တော်မူ​သလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​လေ​၏။ ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် ထို​သူ​ကို လူ​များ​အလယ်​တွင်​လှဲချ​၍ အနာတရ​မ​ဖြစ်​စေ​ဘဲ သူ့​အထဲမှ ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​စကား​သည် မည်သို့သော​စကား​နည်း။ ညစ်ညူး​သော​နတ်​များ​ကို အခွင့်​အာဏာ​နှင့် တန်ခိုး​တို့​ဖြင့် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်သွား​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ပတ်ဝန်းကျင်​ရှိ ဒေသ​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​ပြီးလျှင် ရှိမုန်​၏​အိမ်​သို့​ကြွ​တော်မူ​၏။ ရှိမုန်​၏​ယောက္ခမ​သည် ပြင်းထန်​စွာ​ဖျားနာ​လျက် ဝေဒနာ​ခံစား​နေ​ရ​သဖြင့် လူ​တို့​သည် သူ့​အတွက် ကိုယ်တော်​ကို​တောင်းလျှောက်​ကြ​၏။ ကိုယ်တော်​သည်​လည်း ထို​အမျိုးသမီး​၏​အနီး​၌​ရပ်​လျက် အဖျားအနာ​ကို​ဆုံးမ​တော်မူ​လျှင် သူ​သည် အဖျား​ပျောက်​သဖြင့် ချက်ချင်း​ထ​၍ သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။ နေ​ဝင်​ချိန်​ရောက်​သောအခါ လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​အသီးသီး​တို့​အပေါ်သို့ လက်​တော်​ကို​တင်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။ နတ်ဆိုး​တို့​က​လည်း “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​လျက် လူ​များစွာ​တို့​အထဲမှ ထွက်သွား​ကြ​၏။ ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ကြောင်း ထို​နတ်ဆိုး​တို့​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​၍ သူ​တို့​အား စကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ မိုးလင်း​သောအခါ ကိုယ်တော်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​တော်မူ​၏။ သို့ရာတွင် လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုးစား​ရှာဖွေ​ကြ​ပြီးလျှင် အထံ​တော်​သို့​လာ​၍ မိမိ​တို့​ထံမှ ထွက်ခွာ​မ​သွား​ရန် ကိုယ်တော်​ကို​တားဆီး​ကြ​၏။ သို့သော် ကိုယ်တော်​က“ငါ​သည် အခြား​သော​မြို့ရွာ​တို့​၌​လည်း ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရ​မည်။ အကြောင်းမူကား ငါ​သည် ဤ​အတွက်​စေလွှတ်​ခြင်း​ခံရ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် ယုဒ​နယ်​ရှိ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက်​နေ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။