YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 4:16-20

ရှင်လုကာခရစ်ဝင် 4:16-20 MSBU

ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ကိုယ်တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာလိပ်​ကို​ဖွင့်​၍ တွေ့​တော်မူ​သော​ကျမ်းပိုဒ်​၌ ရေး​ထား​သည့်​အချက်​မှာ “ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊ ထာဝရ​ဘုရား​၏​မင်္ဂလာ​နှစ်​ကို ဟောပြော​စေရန်​လည်းကောင်း ကိုယ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ”​ဟူ၍ ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ထို​ကျမ်း​စာလိပ်​ကို လိပ်​၍ အစောင့်​တာဝန်ခံ​အား​ပြန်ပေး​ပြီး ထိုင်​တော်မူ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​စေ့စေ့​ကြည့်​ကြ​၏။