YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 4:14-30

ရှင်လုကာခရစ်ဝင် 4:14-30 MSBU

ယေရှု​သည် ဝိညာဉ်​တော်​တန်ခိုး​နှင့်​ပြည့်ဝ​လျက် ဂါလိလဲ​နယ်​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​နှင့်​ပတ်သက်​သော​သတင်း​သည် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် သွန်သင်​တော်မူ​ရာ လူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ကိုယ်တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာလိပ်​ကို​ဖွင့်​၍ တွေ့​တော်မူ​သော​ကျမ်းပိုဒ်​၌ ရေး​ထား​သည့်​အချက်​မှာ “ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊ ထာဝရ​ဘုရား​၏​မင်္ဂလာ​နှစ်​ကို ဟောပြော​စေရန်​လည်းကောင်း ကိုယ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ”​ဟူ၍ ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ထို​ကျမ်း​စာလိပ်​ကို လိပ်​၍ အစောင့်​တာဝန်ခံ​အား​ပြန်ပေး​ပြီး ထိုင်​တော်မူ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​စေ့စေ့​ကြည့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ဤ​ကျမ်းချက်​သည် ယနေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ပြည့်စုံ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။ လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“အသင်​ဆေးဆရာ၊ သင့်​ရောဂါ​ကို သင်​ပျောက်ကင်း​စေ​လော့​ဟူသော​ဆိုရိုး​စကား​အတိုင်း ‘ကပေရနောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အမှု​များ​ကို သင်​၏​နေရင်း​မြို့​ဖြစ်​သော ဤ​အရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မုချ​ပြော​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ပြီးနောက် “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သည့်​ပရောဖက်​မျှ မိမိ​၏​နေရင်း​မြို့​၌ မျက်နှာ​မ​ရ​တတ်။ ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ့​ထံသို့​မျှ ဧလိယ​ကို​စေလွှတ်​တော်​မ​မူ​ဘဲ ဆီဒုန်​ပြည်၊ ဇရတ္တ​မြို့​ရှိ မုဆိုးမ​တစ်​ဦး​ထံသို့​သာ စေလွှတ်​တော်မူ​၏။ ပရောဖက်​ဧလိရှဲ​လက်ထက်​၌​လည်း အစ္စရေး​လူမျိုး​ထဲတွင် အနာကြီး​ရောဂါသည် များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ​မျှ စင်ကြယ်​ခြင်း​သို့​မ​ရောက်​ဘဲ ဆီးရီးယား​ပြည်သား နေမန်​တစ်ဦးတည်း​သာ စင်ကြယ်​ခြင်း​သို့​ရောက်​၏”​ဟု မိန့်​တော်မူ​၏။ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲ၌​ရှိ​သော​သူ​အားလုံး​တို့​သည် ထို​စကား​ကို​ကြား​သောအခါ ပြင်းစွာ​ဒေါသ​ထွက်​သဖြင့် ထ​၍ ကိုယ်တော်​ကို မြို့​ပြင်​သို့​နှင်ထုတ်​ပြီးလျှင် ကိုယ်တော်​ကို တောင်​ကမ်းပါး​မှ​တွန်းချ​ရန် ထို​မြို့​တည်​ရာ​တောင်​၏​ထိပ်စွန်း​အထိ ခေါ်ဆောင်​သွား​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​အလယ်​မှ​ဖြတ်လျှောက်​၍ ကြွသွား​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။