YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 4:1-13

ရှင်လုကာခရစ်ဝင် 4:1-13 MSBU

ယေရှု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဂျော်ဒန်​မြစ်​မှ ပြန်ကြွ​တော်မူ​၏။ ထို့နောက် ဝိညာဉ်​တော်​၏​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ ထို​ကာလ​အတွင်း​၌ မည်သည့်​အစာ​ကို​မျှ မ​သုံးဆောင်​ဘဲ​နေ​တော်မူ​သဖြင့် ထို​နေ့ရက်​များ​ကုန်လွန်​သောအခါ ဆာလောင်​တော်မူ​၏။ ထိုအခါ မာရ်နတ်​က “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို​ပင့်ဆောင်​သွား​၍ တစ်ခဏချင်း​တွင် ကမ္ဘာ့​နိုင်ငံ​အားလုံး​တို့​ကို ကိုယ်တော်​အား​ညွှန်ပြ​ကာ “ဤ​အခွင့်​အာဏာ​ရှိသမျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အကြောင်းမူကား ဤ​အရာ​ကို ငါ့​ထံ အပ်နှင်း​ထား​ပြီး​ဖြစ်၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။ သို့ဖြစ်၍ သင်​သည် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘သင့်​ကို​စောင့်ရှောက်​စေရန် ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်​ကြ​လိမ့်မည်’​ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ဟူ၍ မိန့်​တော်မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ မာရ်နတ်​သည် ဖြားယောင်း​သွေးဆောင်​ခြင်း​အားလုံး​တို့​ကို​ပြု​ပြီးနောက် အခါအခွင့်​ရောက်​သည်​အထိ ကိုယ်တော်​ထံမှ ဆုတ်ခွာ​သွား​လေ​၏။