YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 22:7-19

ရှင်လုကာခရစ်ဝင် 22:7-19 MSBU

တဆေးမဲ့​မုန့်​ပွဲတော်​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​ရောက်လာ​သဖြင့် ကိုယ်တော်​သည် ပေတရု​နှင့်​ယောဟန်​တို့​အား“ပသခါ​ပွဲတော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​လျက် သူ​တို့​ကို​စေလွှတ်​တော်မူ​၏။ သူ​တို့​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား အဘယ်မှာ​ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​သော် ကိုယ်တော်​က“သင်​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြိုဆို​လိမ့်မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲသို့ လိုက်​သွား​ပြီးလျှင် အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။ ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သွား​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။ အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တမန်တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။ ကိုယ်တော်​က“ငါ​သည် ဒုက္ခ​ဝေဒနာ​မ​ခံစား​ရ​မီ ဤ​ပသခါ​ပွဲတော်​ကို သင်​တို့​နှင့်အတူ​စား​ရန် အလွန်​အလိုရှိ​၏။ သင်​တို့​အား ငါ​ဆို​သည်​ကား ပသခါ​ပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် ပြည့်စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်အောင် ဤ​ပွဲတော်​ကို ငါ​လုံးဝ​စား​မည်​မ​ဟုတ်”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ခွက်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင်“ဤ​ခွက်​ကို​ယူ​၍ အချင်းချင်း​ဝေ​သောက်​ကြ​လော့။ သင်​တို့​အား ငါ​ဆို​သည်​ကား ယခု​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။