ထို့နောက် မောရှေ၏ပညတ်တရားကျမ်းအတိုင်း မိမိတို့အတွက် စင်ကြယ်ခြင်းဝတ်ကိုပြုရမည့်နေ့ရက်များစေ့သောအခါ မိဘတို့သည် သူငယ်ကို ထာဝရဘုရားထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားကြ၏။ ဤသည်ကား ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် “သားဦးယောက်ျားအပေါင်းတို့ကို ထာဝရဘုရားအတွက် သန့်ရှင်းစေလျက် ဆက်ကပ်ထားရမည်”ဟု ရေးထားသည်နှင့်အညီဖြစ်၏။ ထို့ပြင် “ချိုးငှက်တစ်စုံ၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရမည်”ဟု ထာဝရဘုရား၏ပညတ်တရားကျမ်း၌ ဖော်ပြထားသည့်အတိုင်း ယဇ်ပူဇော်ကြရန်အတွက်ဖြစ်၏။ ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍ ထာဝရဘုရား၏ခရစ်တော်ကိုမမြင်ရမီ သေခြင်းနှင့်မကြုံရဟူသောဗျာဒိတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရရှိထား၏။ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွားရာ မိဘတို့သည် သူငယ်အတွက် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်းပြုရန် သူငယ်ယေရှုကိုခေါ်ဆောင်လာကြ၏။ ထိုအခါ ရှိမောင်သည် သူငယ်ကိုပွေ့ချီလျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ကိုယ်တော်၏အစေအပါးအား ငြိမ်းချမ်းစွာသွားရသောအခွင့်ကို ယခု ကိုယ်တော်ပေးတော်မူပြီဖြစ်၏။ အကြောင်းမူကား လူမျိုးခြားတို့အတွက်ပေါ်ထွန်းသောအလင်းကိုလည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးအတွက်ဘုန်းအသရေဖြစ်သော လူအပေါင်းတို့ရှေ့၌ပြင်ဆင်ထားသည့် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း အကျွန်ုပ်၏မျက်စိဖြင့် မြင်ရပါပြီ”ဟု ဆိုလေ၏။ သူငယ်၏မိခင်နှင့်ဖခင်တို့သည် သူငယ်နှင့်ပတ်သက်၍ ဤသို့ပြောဆိုသည်ကို အံ့သြကြ၏။ ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။ ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။ ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင် မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။ သူသည်လည်း ထိုတစ်ချိန်တည်းမှာပင်ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဂျေရုဆလင်မြို့ရွေးနုတ်ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်နေသောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောကြားလေ၏။ မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ အကုန်အစင်ပြုပြီးသောအခါ မိမိတို့နေရပ်မြို့ဖြစ်သော ဂါလိလဲနယ်ရှိ နာဇရက်မြို့သို့ပြန်သွားကြ၏။ သူငယ်သည်လည်းကြီးထွား၍ ကြံ့ခိုင်သန်စွမ်းလာကာ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်လေ၏။
ရှင်လုကာခရစ်ဝင် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 2:22-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ