YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 2:22-35

ရှင်လုကာခရစ်ဝင် 2:22-35 MSBU

ထို့နောက် မောရှေ​၏​ပညတ်​တရား​ကျမ်း​အတိုင်း မိမိ​တို့​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့ရက်​များ​စေ့​သောအခါ မိဘ​တို့​သည် သူငယ်​ကို ထာဝရ​ဘုရား​ထံ​ဆက်ကပ်​ရန် ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ကြ​၏။ ဤသည်ကား ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​တွင် “သားဦး​ယောက်ျား​အပေါင်း​တို့​ကို ထာဝရ​ဘုရား​အတွက် သန့်ရှင်း​စေ​လျက် ဆက်ကပ်​ထား​ရ​မည်”​ဟု ရေး​ထား​သည်​နှင့်အညီ​ဖြစ်​၏။ ထို့ပြင် “ချိုးငှက်​တစ်စုံ​၊ သို့မဟုတ် ခို​ငယ်​နှစ်​ကောင်​ကို ပူဇော်​ရ​မည်”​ဟု ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​၌ ဖော်ပြ​ထား​သည့်​အတိုင်း ယဇ်ပူဇော်​ကြ​ရန်​အတွက်​ဖြစ်​၏။ ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍ ထာဝရ​ဘုရား​၏​ခရစ်တော်​ကို​မ​မြင်​ရ​မီ သေ​ခြင်း​နှင့်​မ​ကြုံ​ရ​ဟူသော​ဗျာဒိတ်​တော်​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ရရှိ​ထား​၏။ သူ​သည် ဝိညာဉ်​တော်​အားဖြင့် ဗိမာန်​တော်​သို့​သွား​ရာ မိဘ​တို့​သည် သူငယ်​အတွက် ပညတ်​တရား​၏​ထုံးတမ်းစဉ်လာ​အတိုင်း​ပြု​ရန် သူငယ်​ယေရှု​ကို​ခေါ်ဆောင်​လာ​ကြ​၏။ ထိုအခါ ရှိမောင်​သည် သူငယ်​ကို​ပွေ့ချီ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အား ငြိမ်းချမ်း​စွာ​သွား​ရ​သော​အခွင့်​ကို ယခု ကိုယ်တော်​ပေး​တော်မူ​ပြီ​ဖြစ်​၏။ အကြောင်းမူကား လူမျိုးခြား​တို့​အတွက်​ပေါ်ထွန်း​သော​အလင်း​ကို​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​အတွက်​ဘုန်း​အသရေ​ဖြစ်​သော လူ​အပေါင်း​တို့​ရှေ့၌​ပြင်ဆင်​ထား​သည့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကျေးဇူး​ကို​လည်းကောင်း အကျွန်ုပ်​၏​မျက်စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။ သူငယ်​၏​မိခင်​နှင့်​ဖခင်​တို့​သည် သူငယ်​နှင့်​ပတ်သက်၍ ဤသို့​ပြောဆို​သည်​ကို အံ့သြ​ကြ​၏။ ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။