YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 2:1-38

ရှင်လုကာခရစ်ဝင် 2:1-38 MSBU

ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။ ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။ ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။ ယောသပ်​သည်​လည်း ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​၏​အဆက်အနွယ်​ဖြစ်​သောကြောင့် မိမိ​နှင့်​စေ့စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်ဝန်​အရင့်အမာ​ရှိ​သော​မာရိ​နှင့်အတူ သန်းခေါင်စာရင်း​ဝင်​ရန် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ ဗက်လင်​မြို့​ဟု​ခေါ်​သော ယုဒ​နယ်​ရှိ ဒါဝိဒ်​မြို့​သို့​သွား​လေ​၏။ ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာရိ​သည် သားဖွား​ရန်​နေ့​လ​စေ့​သဖြင့် သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။ ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။ သို့သော် ကောင်းကင်တမန်​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား လူ​အပေါင်း​တို့​အတွက် အလွန်​ဝမ်းမြောက်​စရာ​ဖြစ်​မည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ငါ​ပြောကြား​မည်။ ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။ သင်​တို့​သိ​နိုင်​သည့် အမှတ်​လက္ခဏာ​ဟူမူကား အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌ သိပ်​ထား​သော​ကလေးငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်”​ဟု သူ​တို့​အား မြွက်ဆို​လေ​၏။ ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ “အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။ ကောင်းကင်တမန်​တို့​သည် သူ​တို့​ထံမှ ကောင်းကင်​သို့​ပြန်​တက်သွား​ကြ​သောအခါ သိုးထိန်း​တို့​က “ငါ​တို့​သည်​ဗက်လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာဝရ​ဘုရား​ဖော်ပြ​တော်မူ​သော​အရာ​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထို့နောက် သူ​တို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့် ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​၌​သိပ်​ထား​သော​ကလေးငယ်​ကို​လည်းကောင်း တွေ့​ကြ​၏။ သူ​တို့​ကို​တွေ့မြင်​ကြ​ပြီးနောက် သိုးထိန်း​တို့​သည် ထို​သူငယ်​နှင့်​ပတ်သက်၍ မိမိ​တို့​အား​မြွက်ဆို​တော်မူ​သော​အရာ​ကို အနှံ့အပြား​ပြောကြား​ကြ​၏။ ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​အား သိုးထိန်း​တို့​ပြောဆို​သော​အကြောင်းအရာ​များ​ကြောင့် အံ့ဩ​ကြ​၏။ မာရိ​မူကား ဤ​အခြင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​၍ စဉ်းစား​ဆင်ခြင်​လျက်​နေ​၏။ သိုးထိန်း​တို့​သည် မိမိ​တို့​အား​မြွက်ဆို​ထား​သည့်​အတိုင်း မြင်​ရ​ကြား​ရ​သဖြင့် ထို​အမှုအရာ​အားလုံး​တို့​အတွက် ဘုရားသခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီးမွမ်း​လျက် ပြန်​သွား​ကြ​၏။ ရှစ်​ရက်​ပြည့်​၍ သူငယ်​အား အရေဖျား​လှီး​ခြင်း​ပေး​သောအခါ ဝမ်း​၌​သန္ဓေ​မ​တည်​မီ ကောင်းကင်တမန်​မှည့်​ခေါ်​ထား​သည့်​အတိုင်း သူ့​ကို ယေရှု​အမည်​ဖြင့်​မှည့်​ခေါ်​ကြ​၏။ ထို့နောက် မောရှေ​၏​ပညတ်​တရား​ကျမ်း​အတိုင်း မိမိ​တို့​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့ရက်​များ​စေ့​သောအခါ မိဘ​တို့​သည် သူငယ်​ကို ထာဝရ​ဘုရား​ထံ​ဆက်ကပ်​ရန် ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ကြ​၏။ ဤသည်ကား ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​တွင် “သားဦး​ယောက်ျား​အပေါင်း​တို့​ကို ထာဝရ​ဘုရား​အတွက် သန့်ရှင်း​စေ​လျက် ဆက်ကပ်​ထား​ရ​မည်”​ဟု ရေး​ထား​သည်​နှင့်အညီ​ဖြစ်​၏။ ထို့ပြင် “ချိုးငှက်​တစ်စုံ​၊ သို့မဟုတ် ခို​ငယ်​နှစ်​ကောင်​ကို ပူဇော်​ရ​မည်”​ဟု ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​၌ ဖော်ပြ​ထား​သည့်​အတိုင်း ယဇ်ပူဇော်​ကြ​ရန်​အတွက်​ဖြစ်​၏။ ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍ ထာဝရ​ဘုရား​၏​ခရစ်တော်​ကို​မ​မြင်​ရ​မီ သေ​ခြင်း​နှင့်​မ​ကြုံ​ရ​ဟူသော​ဗျာဒိတ်​တော်​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ရရှိ​ထား​၏။ သူ​သည် ဝိညာဉ်​တော်​အားဖြင့် ဗိမာန်​တော်​သို့​သွား​ရာ မိဘ​တို့​သည် သူငယ်​အတွက် ပညတ်​တရား​၏​ထုံးတမ်းစဉ်လာ​အတိုင်း​ပြု​ရန် သူငယ်​ယေရှု​ကို​ခေါ်ဆောင်​လာ​ကြ​၏။ ထိုအခါ ရှိမောင်​သည် သူငယ်​ကို​ပွေ့ချီ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အား ငြိမ်းချမ်း​စွာ​သွား​ရ​သော​အခွင့်​ကို ယခု ကိုယ်တော်​ပေး​တော်မူ​ပြီ​ဖြစ်​၏။ အကြောင်းမူကား လူမျိုးခြား​တို့​အတွက်​ပေါ်ထွန်း​သော​အလင်း​ကို​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​အတွက်​ဘုန်း​အသရေ​ဖြစ်​သော လူ​အပေါင်း​တို့​ရှေ့၌​ပြင်ဆင်​ထား​သည့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကျေးဇူး​ကို​လည်းကောင်း အကျွန်ုပ်​၏​မျက်စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။ သူငယ်​၏​မိခင်​နှင့်​ဖခင်​တို့​သည် သူငယ်​နှင့်​ပတ်သက်၍ ဤသို့​ပြောဆို​သည်​ကို အံ့သြ​ကြ​၏။ ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။ ထို​နေရာ​၌ အာရှာ​အနွယ်​မှ ဖနွေလ​၏​သမီး အန္န​အမည်​ရှိ​သော အသက်​ကြီးရင့်​သည့် ပရောဖက်မ​တစ်​ဦး​ရှိ​၏။ သူ​သည် ပျိုရွယ်​သော​အချိန်​မှစ၍ ခင်ပွန်း​နှင့်အတူ ခုနစ်​နှစ်​နေထိုင်​ပြီးလျှင် မုဆိုးမ​ဖြစ်​လျက် အသက်​ရှစ်ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိမာန်​တော်​မှ​မ​ခွာ​ဘဲ ဆုတောင်း​ခြင်း​နှင့် အစာရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မပြတ် ဘုရား​ဝတ်​ကို​ပြု​လျက်​နေ​၏။ သူ​သည်​လည်း ထို​တစ်ချိန်တည်း​မှာပင်​ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ ဂျေရုဆလင်​မြို့​ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​မည်​ကို စောင့်မျှော်​နေ​သော​သူ​အပေါင်း​တို့​အား ထို​သူငယ်​၏​အကြောင်း​ကို​ပြောကြား​လေ​၏။

​ရှင်လုကာခရစ်ဝင် 2:1-38 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။