YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 18:15-30

ရှင်လုကာခရစ်ဝင် 18:15-30 MSBU

ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေးငယ်​များ​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​မြင်​လျှင် သူ​တို့​ကို​ဆူငေါက်​ကြ​၏။ သို့ရာတွင် ယေရှု​သည် ထို​ကလေး​သူငယ်​များ​ကို​ခေါ်​၍“ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သူငယ်​တစ်ဦး​ကဲ့သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ တစ်ခါ​က အကြီးအကဲ​တစ်​ဦး​သည် ကိုယ်တော်​အား “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။ ယေရှု​က“ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို​သူ​က​လည်း “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။ ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။ ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှို​ဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု မိန့်​တော်မူ​၏။ ထို​စကား​ကို​ကြား​သော​သူ​တို့​က “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။ ကိုယ်တော်​က​လည်း“လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော​အရာ​များ​သည် ဘုရားသခင်​အတွက်​ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် အိမ်​ကို​ဖြစ်စေ၊ ဇနီး​ကို​ဖြစ်စေ၊ ညီအစ်ကို​ကို​ဖြစ်စေ၊ မိဘ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တို့​တွင် ယခု​ဘဝ​၌ အဆ​ပေါင်း​များစွာ​သော​အကျိုး​ကို​လည်းကောင်း၊ နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​လည်းကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် 18:15-30 အကြောင်း ဗီဒီယိုများ