YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 13:22-30

ရှင်လုကာခရစ်ဝင် 13:22-30 MSBU

ထို့နောက် ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​၍ သွန်သင်​တော်မူ​ရင်း ဂျေရုဆလင်​မြို့​သို့​ခရီး​ပြု​တော်မူ​၏။ ထိုအခါ လူ​တစ်​ဦး​က “သခင်၊ ကယ်တင်​ခြင်း​ခံရ​သူ အနည်းငယ်​သာ​ရှိ​သလော”​ဟု မေးလျှောက်​၏။ ကိုယ်တော်​က​လည်း “ကျဉ်း​သော​တံခါး​မှ​ဝင်​ရန် ကြိုးစား​ကြ​လော့။ အကြောင်းမူကား လူ​များစွာ​တို့​သည် ဝင်​ရန်​ရှာကြံ​ကြ​သော်လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။ အိမ်ရှင်​သည်​ထ​၍ တံခါး​ကို​ပိတ်​ပြီးမှ သင်​တို့​သည် အပြင်​၌​ရပ်​၍ တံခါး​ကို​ခေါက်​လျက် ‘သခင်၊ အကျွန်ုပ်​တို့​အား​တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်လည်း သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်မည်။ ထိုအခါ သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော်​နှင့်အတူ​စား​သောက်​ခဲ့​ကြ​ပါ​၏။ ကိုယ်တော်​သည်​လည်း အကျွန်ုပ်​တို့​၏​လမ်းမ​ပေါ်တွင် သွန်သင်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ကြ​လိမ့်မည်။ သို့သော် သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ။ မတရားမှု​ကို​ပြု​သော​သူ​အပေါင်း​တို့၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့’​ဟု သင်​တို့​အား​ဆို​လိမ့်မည်။ ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​နှင့် ပရောဖက်​အပေါင်း​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ထဲ၌​ရှိ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​သော်လည်း သင်​တို့​ကိုယ်တိုင်​မူကား အပြင်​သို့ နှင်ထုတ်​ခြင်း​ခံရ​သဖြင့် ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​ကြ​လိမ့်မည်။ တစ်ဖန် လူ​တို့​သည် အရှေ့​အရပ်​နှင့် အနောက်​အရပ်​တို့​မှ​လည်းကောင်း၊ တောင်​အရပ်​နှင့် မြောက်​အရပ်​တို့​မှ​လည်းကောင်း လာ​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်ပွဲ​၌​ထိုင်​ကြ​လိမ့်မည်။ အဦးဆုံး​ဖြစ်​မည့် နောက်ဆုံး​သော​သူ​များ​ရှိ​ကြ​၏။ နောက်ဆုံး​ဖြစ်​မည့် အဦးဆုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။