YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 12:22-34

ရှင်လုကာခရစ်ဝင် 12:22-34 MSBU

ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို​ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား အသက်​သည် အစာ​ထက် အရေးကြီး​၏။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​၏။ ကျီးကန်း​များ​ကို​ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ။ ရိတ်သိမ်း​ခြင်း​လည်း​မ​ရှိ။ သိုလှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့သော် ဘုရားသခင်​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များစွာ​အဖိုးထိုက်​ကြ​၏။ သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ ထိုသို့ သေးငယ်​သော​အမှု​ကို​ပင် မ​တတ်နိုင်​ကြ​လျှင် အဘယ်ကြောင့် အခြား​သော​အမှု​များ​အတွက် စိုးရိမ်​ကြ​သနည်း။ နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို မည်မျှ​ပို၍​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်နည်း။ ထို့ကြောင့် သင်​တို့​သည် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို​သောက်​ရ​မည်နည်း​ဟု မ​ရှာကြံ​ကြ​နှင့်။ စိုးရိမ်​ပူပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ သို့ဖြစ်၍ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​များ​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။ သိုးစု​ငယ်၊ မ​ကြောက်​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​အား နိုင်ငံ​တော်​ပေး​ရ​သည်​ကို နှစ်သက်​တော်မူ​၏။ သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။ အကြောင်းမူကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​တို့​၏​စိတ်နှလုံး​လည်း​ရောက်​တတ်​၏။

စပ်ဆိုင်သော ဗီဒီယိုများ

​ရှင်လုကာခရစ်ဝင် 12:22-34 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။