YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:26-80

ရှင်လုကာခရစ်ဝင် 1:26-80 MSBU

ဆဋ္ဌမ​လ​တွင် ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲ​နယ်၊ နာဇရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အပျို​ကညာ​တစ်​ဦး​ထံသို့​စေလွှတ်​တော်မူ​၏။ ထို​အပျို​ကညာ​သည် ဒါဝိဒ်​အမျိုး၊ ယောသပ်​အမည်​ရှိ​သော​သူ​နှင့် စေ့စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာမည်​မှာ မာရိ​ဖြစ်​၏။ ကောင်းကင်တမန်​သည် မာရိ​ထံသို့​ဝင်လာ​၍ “ကျေးဇူး​တော်​ခံစား​ရ​သော​အမျိုးသမီး၊ သင်​သည်​မင်္ဂလာရှိ​ပါစေသော။ ထာဝရ​ဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။ မာရိ​သည် ထို​စကား​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​ပြီး ဤ​နှုတ်ဆက်​ခြင်း​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု တွေးတော​ဆင်ခြင်​လျက်​နေ​၏။ ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။ သင်​သည် သန္ဓေတည်​၍ သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်ခေါ်​ရ​မည်။ သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သား​တော်​ဟူ၍​လည်း ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အား သူ့​အဖ​ဒါဝိဒ်​၏​ရာဇပလ္လင်​ကို​ပေး​တော်မူ​၍ သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။ မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကြည့်​လော့။ သင်​၏​အဆွေအမျိုး အဲလစ်ဇဘက်​သည်​လည်း အိုမင်း​သော​အရွယ်​၌ သားယောက်ျား​ကို​သန္ဓေ​တည်​၍ အမြုံမ​ဟု​အခေါ်​ခံရ​သော​သူ​သည် ယခု ကိုယ်ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။ ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။ ထို​နေ့ရက်​များ​တွင် မာရိ​သည်​ထ​၍ တောင်​ပေါ်​ဒေသ​၌​ရှိ​သော ယုဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အလျင်အမြန်​သွား​၍ ဇာခရိ​အိမ်​သို့​ဝင်​ကာ အဲလစ်ဇဘက်​ကို​နှုတ်ဆက်​လေ​၏။ မာရိ​၏​နှုတ်ဆက်​စကား​ကို အဲလစ်ဇဘက်​ကြား​ရ​သောအခါ သူ​၏​ကလေးငယ်​သည် ဝမ်း​ထဲ၌​ခုန်​လေ​၏။ အဲလစ်ဇဘက်​သည်​လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “သင်​သည် မိန်းမ​တို့​တွင် မင်္ဂလာရှိ​၏။ သင်​၏​ဝမ်းတွင်း​မှ​ကလေး​သည်​လည်း မင်္ဂလာရှိ​၏။ ကျွန်မ​သခင်​၏​မယ်တော်​သည် ကျွန်မ​ထံသို့​ရောက်လာ​သော​ကျေးဇူး​ကို အဘယ်ကြောင့် ကျွန်မ​ခံရ​ပါ​သနည်း။ အမှန်စင်စစ် သင်​၏​နှုတ်ဆက်​စကား​ကို ကျွန်မ​ကြား​ရ​သောအခါ ကျွန်မ​၏​ကလေးငယ်​သည် ရွှင်မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ၌​ခုန်​ပါ​၏။ မိမိ​အား ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ​များ​ပြည့်စုံ​မည်​ဟု ယုံကြည်​သော​မိန်းမ​သည် မင်္ဂလာရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ပြောဆို​လေ​၏။ မာရိ​က​လည်း “ငါ​၏​စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကို​ချီးမွမ်း​၍ ငါ့​ဝိညာဉ်​သည် ငါ​၏​ကယ်တင်ရှင်​ဘုရားသခင်​၌ ရွှင်မြူး​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​၏​သိမ်ငယ်​သော​အဖြစ်​ကို ဂရုစိုက်​တော်မူ​ပြီ။ ယခု​မှစ၍ နောင်လာနောက်သား​အပေါင်း​တို့​သည် ငါ့​ကို​မင်္ဂလာရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​သည် ကြီးမား​သော​အမှု​တို့​ကို ငါ့​အတွက်​ပြု​တော်မူ​ပြီ။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​တော်မူ​၏။ ကရုဏာ​တော်​သည်​လည်း ကိုယ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့​အပေါ်၌ သားစဉ်မြေးဆက်​တည်​၏။ ကိုယ်တော်​သည် လက်ရုံး​တော်​အားဖြင့် တန်ခိုး​အရှိန်အဝါ​နှင့်​ပြည့်စုံ​သော​အမှု​ကို​ပြု​တော်မူ​၍ အတွင်း​စိတ်​သဘော​၌ မာန​ထောင်လွှား​သော​သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏။ ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။ ဆာလောင်​သော​သူ​တို့​ကို ကောင်း​သော​အရာ​များ​ဖြင့်​ပြည့်ဝ​စေ​၍ ကြွယ်ဝ​သော​သူ​တို့​ကို လက်ချည်း​သက်သက်​ပြန်လွှတ်​တော်မူ​၏။ ကိုယ်တော်​သည် ငါ​တို့​ဘိုးဘေး​များ​အား​မိန့်​တော်မူ​သည့်​အတိုင်း အာဗြဟံ​မှစ၍ သူ​၏​အမျိုးအနွယ်​အပေါ် ကာလ​အစဉ်အဆက်​ထားရှိ​သော​ကရုဏာ​တော်​ကို​အောက်မေ့​၍ မိမိ​၏​အစေခံ​အစ္စရေး​လူမျိုး​ကို ကူညီမစ​တော်မူ​ပြီ”​ဟု ဆို​၏။ မာရိ​သည် အဲလစ်ဇဘက်​နှင့်အတူ သုံး​လ​ခန့်​နေ​ပြီးနောက် မိမိ​အိမ်​သို့​ပြန်​လေ​၏။ ထို့နောက် အဲလစ်ဇဘက်​သည် ဖွား​ချိန်​စေ့​၍ သားယောက်ျား​ကို​ဖွားမြင်​၏။ ထာဝရ​ဘုရား​သည် ထူးမြတ်​သော​ကရုဏာ​တော်​ကို အဲလစ်ဇဘက်​အပေါ်​ပြသ​တော်မူ​ကြောင်း အိမ်နီးချင်း​နှင့် ဆွေမျိုးသားချင်း​တို့​သည် ကြား​ကြ​သောအခါ သူ​နှင့်အတူ​ဝမ်းမြောက်​ကြ​၏။ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူငယ်​အား​အရေဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖခင်​၏​နာမည်​အတိုင်း သူ့​ကို ဇာခရိ​ဟု​မှည့်ခေါ်​မည်​ပြု​ကြ​၏။ သို့ရာတွင် သူငယ်​၏​မိခင်​က “ထိုသို့​မ​မှည့်​ရ။ ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။ သူ​တို့​က​လည်း “သင်​၏​ဆွေမျိုးသားချင်း​တို့​တွင် ဤ​နာမည်​ဖြင့်​မှည့်ခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီးလျှင် သူ့​ကို​မည်သို့​မှည့်ခေါ်​စေ​လို​ကြောင်း သူ​၏​ဖခင်​အား လက်ရိပ်​ပြ​၍​မေးမြန်း​ကြ​၏။ ဖခင်​သည်​လည်း သင်ပုန်း​ကို​တောင်း​၍ “သူ​၏​အမည်​မှာ ယောဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အပေါင်း​တို့​သည်​အံ့ဩ​ကြ​၏။ ထို​ခဏချင်း​တွင် ဇာခရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေလျော့​သဖြင့် သူ​သည်​စကား​ပြော​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လေ​၏။ သူ​တို့​ပတ်ဝန်းကျင်​၌​နေထိုင်​သူ​ရှိသမျှ​တို့​သည် ကြောက်ရွံ့​ကြ​၍ ဤ​အကြောင်းအရာ​အလုံးစုံ​တို့​သည် ယုဒ​နယ်​တောင်​ပေါ်​ဒေသ​တစ်လျှောက်​တွင် ကျော်စော​လေ​၏။ ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း ထို​အကြောင်းအရာ​တို့​ကို နှလုံး​သွင်း​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ​ဖြစ်​လိမ့်မည်​နည်း”​ဟု ဆို​ကြ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​လက်​တော်​သည် သူငယ်​နှင့်အတူ​ရှိ​တော်မူ​၏။ သူငယ်​၏​ဖခင်​ဇာခရိ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ပရောဖက်ပြု​ဟောပြော​ကာ “အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး မိမိ​၏​ရှေး​သန့်ရှင်း​သော​ပရောဖက်​များ​၏​နှုတ်​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​အတွက် ကယ်တင်​ခြင်း​ဦးချို​ကို ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​အမျိုးအနွယ်​တွင် ပေါ်ထွန်း​စေ​တော်မူ​ပြီ။ ဤ​ကယ်တင်​ခြင်း​သည် ငါ​တို့​၏​ရန်သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အပေါင်း​တို့​လက်​မှ ကယ်တင်​တော်မူ​ခြင်း​ဖြစ်​၏။ ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။ အချင်း​သူငယ်၊ သင်​သည်​လည်း အမြင့်ဆုံး​သော​ဘုရား​၏​ပရောဖက်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သင်​သည် ထာဝရ​ဘုရား​၏​လမ်း​တော်​ကို​ပြင်ဆင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော်​အား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အားဖြင့်​သက်ရောက်​သော ကယ်တင်​ခြင်း​နှင့်ဆိုင်သည့်​အသိပညာ​ကို​ပေး​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​ရှေ့​တော်​၌ သွား​လိမ့်မည်။ ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။ သူငယ်​သည်​လည်း​ကြီးထွား​၍ စိတ်​ဝိညာဉ်​ကြံ့ခိုင်​လာ​ကာ အစ္စရေး​လူမျိုး​ရှေ့၌ ထင်ရှား​သည့်​နေ့ရက်​တိုင်အောင် တော​ကန္တာရ​၌​နေ​လေ​၏။

​ရှင်လုကာခရစ်ဝင် 1:26-80 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။