YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:26-44

ရှင်လုကာခရစ်ဝင် 1:26-44 MSBU

ဆဋ္ဌမ​လ​တွင် ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲ​နယ်၊ နာဇရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အပျို​ကညာ​တစ်​ဦး​ထံသို့​စေလွှတ်​တော်မူ​၏။ ထို​အပျို​ကညာ​သည် ဒါဝိဒ်​အမျိုး၊ ယောသပ်​အမည်​ရှိ​သော​သူ​နှင့် စေ့စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာမည်​မှာ မာရိ​ဖြစ်​၏။ ကောင်းကင်တမန်​သည် မာရိ​ထံသို့​ဝင်လာ​၍ “ကျေးဇူး​တော်​ခံစား​ရ​သော​အမျိုးသမီး၊ သင်​သည်​မင်္ဂလာရှိ​ပါစေသော။ ထာဝရ​ဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။ မာရိ​သည် ထို​စကား​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​ပြီး ဤ​နှုတ်ဆက်​ခြင်း​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု တွေးတော​ဆင်ခြင်​လျက်​နေ​၏။ ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။ သင်​သည် သန္ဓေတည်​၍ သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်ခေါ်​ရ​မည်။ သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သား​တော်​ဟူ၍​လည်း ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အား သူ့​အဖ​ဒါဝိဒ်​၏​ရာဇပလ္လင်​ကို​ပေး​တော်မူ​၍ သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။ မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကြည့်​လော့။ သင်​၏​အဆွေအမျိုး အဲလစ်ဇဘက်​သည်​လည်း အိုမင်း​သော​အရွယ်​၌ သားယောက်ျား​ကို​သန္ဓေ​တည်​၍ အမြုံမ​ဟု​အခေါ်​ခံရ​သော​သူ​သည် ယခု ကိုယ်ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။ ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။ ထို​နေ့ရက်​များ​တွင် မာရိ​သည်​ထ​၍ တောင်​ပေါ်​ဒေသ​၌​ရှိ​သော ယုဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အလျင်အမြန်​သွား​၍ ဇာခရိ​အိမ်​သို့​ဝင်​ကာ အဲလစ်ဇဘက်​ကို​နှုတ်ဆက်​လေ​၏။ မာရိ​၏​နှုတ်ဆက်​စကား​ကို အဲလစ်ဇဘက်​ကြား​ရ​သောအခါ သူ​၏​ကလေးငယ်​သည် ဝမ်း​ထဲ၌​ခုန်​လေ​၏။ အဲလစ်ဇဘက်​သည်​လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “သင်​သည် မိန်းမ​တို့​တွင် မင်္ဂလာရှိ​၏။ သင်​၏​ဝမ်းတွင်း​မှ​ကလေး​သည်​လည်း မင်္ဂလာရှိ​၏။ ကျွန်မ​သခင်​၏​မယ်တော်​သည် ကျွန်မ​ထံသို့​ရောက်လာ​သော​ကျေးဇူး​ကို အဘယ်ကြောင့် ကျွန်မ​ခံရ​ပါ​သနည်း။ အမှန်စင်စစ် သင်​၏​နှုတ်ဆက်​စကား​ကို ကျွန်မ​ကြား​ရ​သောအခါ ကျွန်မ​၏​ကလေးငယ်​သည် ရွှင်မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ၌​ခုန်​ပါ​၏။

​ရှင်လုကာခရစ်ဝင် 1:26-44 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။