YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:24-56

ရှင်လုကာခရစ်ဝင် 1:24-56 MSBU

ထို​နေ့ရက်​များ​နောက်တွင် သူ​၏​ဇနီး​အဲလစ်ဇဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။ အဲလစ်ဇဘက်​က “ထာဝရ​ဘုရား​သည် လူ​တို့​အလယ်၌ ငါ​ခံရ​သော​ကဲ့ရဲ့​ရှုတ်ချ​ခြင်း​ကို​ဖယ်ရှား​ရန် ငါ့​ကို​မျက်နှာသာပေး​တော်မူ​သည့်​နေ့ရက်​များ​၌ ဤသို့​ပြု​တော်မူ​ပြီ”​ဟု ဆို​လေ​၏။ ဆဋ္ဌမ​လ​တွင် ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲ​နယ်၊ နာဇရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အပျို​ကညာ​တစ်​ဦး​ထံသို့​စေလွှတ်​တော်မူ​၏။ ထို​အပျို​ကညာ​သည် ဒါဝိဒ်​အမျိုး၊ ယောသပ်​အမည်​ရှိ​သော​သူ​နှင့် စေ့စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာမည်​မှာ မာရိ​ဖြစ်​၏။ ကောင်းကင်တမန်​သည် မာရိ​ထံသို့​ဝင်လာ​၍ “ကျေးဇူး​တော်​ခံစား​ရ​သော​အမျိုးသမီး၊ သင်​သည်​မင်္ဂလာရှိ​ပါစေသော။ ထာဝရ​ဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။ မာရိ​သည် ထို​စကား​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​ပြီး ဤ​နှုတ်ဆက်​ခြင်း​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု တွေးတော​ဆင်ခြင်​လျက်​နေ​၏။ ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။ သင်​သည် သန္ဓေတည်​၍ သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်ခေါ်​ရ​မည်။ သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သား​တော်​ဟူ၍​လည်း ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အား သူ့​အဖ​ဒါဝိဒ်​၏​ရာဇပလ္လင်​ကို​ပေး​တော်မူ​၍ သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။ မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကြည့်​လော့။ သင်​၏​အဆွေအမျိုး အဲလစ်ဇဘက်​သည်​လည်း အိုမင်း​သော​အရွယ်​၌ သားယောက်ျား​ကို​သန္ဓေ​တည်​၍ အမြုံမ​ဟု​အခေါ်​ခံရ​သော​သူ​သည် ယခု ကိုယ်ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။ ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။ ထို​နေ့ရက်​များ​တွင် မာရိ​သည်​ထ​၍ တောင်​ပေါ်​ဒေသ​၌​ရှိ​သော ယုဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အလျင်အမြန်​သွား​၍ ဇာခရိ​အိမ်​သို့​ဝင်​ကာ အဲလစ်ဇဘက်​ကို​နှုတ်ဆက်​လေ​၏။ မာရိ​၏​နှုတ်ဆက်​စကား​ကို အဲလစ်ဇဘက်​ကြား​ရ​သောအခါ သူ​၏​ကလေးငယ်​သည် ဝမ်း​ထဲ၌​ခုန်​လေ​၏။ အဲလစ်ဇဘက်​သည်​လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “သင်​သည် မိန်းမ​တို့​တွင် မင်္ဂလာရှိ​၏။ သင်​၏​ဝမ်းတွင်း​မှ​ကလေး​သည်​လည်း မင်္ဂလာရှိ​၏။ ကျွန်မ​သခင်​၏​မယ်တော်​သည် ကျွန်မ​ထံသို့​ရောက်လာ​သော​ကျေးဇူး​ကို အဘယ်ကြောင့် ကျွန်မ​ခံရ​ပါ​သနည်း။ အမှန်စင်စစ် သင်​၏​နှုတ်ဆက်​စကား​ကို ကျွန်မ​ကြား​ရ​သောအခါ ကျွန်မ​၏​ကလေးငယ်​သည် ရွှင်မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ၌​ခုန်​ပါ​၏။ မိမိ​အား ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ​များ​ပြည့်စုံ​မည်​ဟု ယုံကြည်​သော​မိန်းမ​သည် မင်္ဂလာရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ပြောဆို​လေ​၏။ မာရိ​က​လည်း “ငါ​၏​စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကို​ချီးမွမ်း​၍ ငါ့​ဝိညာဉ်​သည် ငါ​၏​ကယ်တင်ရှင်​ဘုရားသခင်​၌ ရွှင်မြူး​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​၏​သိမ်ငယ်​သော​အဖြစ်​ကို ဂရုစိုက်​တော်မူ​ပြီ။ ယခု​မှစ၍ နောင်လာနောက်သား​အပေါင်း​တို့​သည် ငါ့​ကို​မင်္ဂလာရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​သည် ကြီးမား​သော​အမှု​တို့​ကို ငါ့​အတွက်​ပြု​တော်မူ​ပြီ။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​တော်မူ​၏။ ကရုဏာ​တော်​သည်​လည်း ကိုယ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့​အပေါ်၌ သားစဉ်မြေးဆက်​တည်​၏။ ကိုယ်တော်​သည် လက်ရုံး​တော်​အားဖြင့် တန်ခိုး​အရှိန်အဝါ​နှင့်​ပြည့်စုံ​သော​အမှု​ကို​ပြု​တော်မူ​၍ အတွင်း​စိတ်​သဘော​၌ မာန​ထောင်လွှား​သော​သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏။ ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။ ဆာလောင်​သော​သူ​တို့​ကို ကောင်း​သော​အရာ​များ​ဖြင့်​ပြည့်ဝ​စေ​၍ ကြွယ်ဝ​သော​သူ​တို့​ကို လက်ချည်း​သက်သက်​ပြန်လွှတ်​တော်မူ​၏။ ကိုယ်တော်​သည် ငါ​တို့​ဘိုးဘေး​များ​အား​မိန့်​တော်မူ​သည့်​အတိုင်း အာဗြဟံ​မှစ၍ သူ​၏​အမျိုးအနွယ်​အပေါ် ကာလ​အစဉ်အဆက်​ထားရှိ​သော​ကရုဏာ​တော်​ကို​အောက်မေ့​၍ မိမိ​၏​အစေခံ​အစ္စရေး​လူမျိုး​ကို ကူညီမစ​တော်မူ​ပြီ”​ဟု ဆို​၏။ မာရိ​သည် အဲလစ်ဇဘက်​နှင့်အတူ သုံး​လ​ခန့်​နေ​ပြီးနောက် မိမိ​အိမ်​သို့​ပြန်​လေ​၏။