YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:1-38

ရှင်လုကာခရစ်ဝင် 1:1-38 MSBU

မြတ်​သော​သော်ဖိလု၊ ငါ​တို့​၌ ထင်ရှား​ပြည့်စုံ​ခဲ့​သော​အကြောင်းအရာ​များ​ကို မူလ​မျက်မြင်​သက်သေ​တို့​နှင့် နှုတ်ကပတ်​တရား​တော်​၏​အမှု​ကို​ဆောင်ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟောပြော​ခဲ့​သည့်​အတိုင်း စီကုံး​ရေးသား​ရန် လူ​အများ​တို့​သည် ကြိုးစား​ကြ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။ ယုဒ​နယ်​ကို​အုပ်ချုပ်​သော ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ဇာခရိ​အမည်​ရှိ​သော အဘိယ​အဖွဲ့ဝင်​ယဇ်ပုရောဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇနီး​သည် အာရုန်​၏​အမျိုး​မှ​ဆင်းသက်​သူ​ဖြစ်​ပြီး သူ​၏​အမည်​မှာ အဲလစ်ဇဘက်​ဖြစ်​၏။ သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။ သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။ တစ်ခါက ဇာခရိ​သည် မိမိ​၏​အဖွဲ့ အလှည့်​ကျ​သဖြင့် ဘုရားသခင်​ရှေ့​တော်​၌​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​နေစဉ် ယဇ်ပုရောဟိတ်​အဖွဲ့​၏​ဓလေ့​ထုံးစံ​အတိုင်း​မဲချ​ကြ​ရာ ထာဝရ​ဘုရား​၏​ဗိမာန်​တော်​အတွင်း​သို့​ဝင်​၍ နံ့သာပေါင်း​ကို​မီးရှို့​ပူဇော်​ရန် သူ​၌​တာဝန်​ကျ​လေ​၏။ ထိုသို့ နံ့သာပေါင်း​မီးရှို့​ပူဇော်​သည့်​အချိန်​တွင် လူ​အစုအဝေး​အပေါင်း​တို့​သည် အပြင်​၌​ဆုတောင်း​နေ​ကြ​၏။ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ဇာခရိ​ရှေ့၌​ပေါ်လာ​၍ နံ့သာပေါင်း​မီးရှို့​ပူဇော်​ရာ​ယဇ်ပလ္လင်​၏​လက်ယာ​ဘက်​တွင် ရပ်​လေ​၏။ ဇာခရိ​သည်​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ ကြောက်ရွံ့​လေ​၏။ ကောင်းကင်တမန်​က “ဇာခရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​ပြီ။ သင်​၏​ဇနီး​အဲလစ်ဇဘက်​သည် သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်။ သူ​သည် သင့်​အတွက် ဝမ်းမြောက်​စရာ​၊ ရွှင်မြူး​စရာ​ဖြစ်​မည်။ လူ​များစွာ​တို့​သည်​လည်း သူ​၏​ဖွားမြင်​ခြင်း​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ထာဝရ​ဘုရား​ရှေ့​တော်​၌ ကြီးမြတ်​သော​သူ​ဖြစ်လာ​မည်။ စပျစ်​ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို​လည်း​မ​သောက်​၊ အမိ​ဝမ်းတွင်း​၌​ရှိ​စဉ်​ကပင် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လိမ့်မည်။ သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍ အဖ​တို့​၏​စိတ်နှလုံး​တို့​ကို သားသမီး​တို့​ထံသို့​လည်းကောင်း၊ နာခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​၏​အသိပညာ​ထဲသို့​လည်းကောင်း ပြန်လှည့်​လာ​စေရန်​နှင့် ပြင်ဆင်​ထား​သော​လူမျိုး​တော်​ကို ထာဝရ​ဘုရား​အတွက်​အသင့်​ဖြစ်​စေရန် ဧလိယ​၏​ဝိညာဉ်​နှင့်​တန်ခိုး​တို့​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​မှ ဦးစွာ​သွား​နှင့်​မည်”​ဟု မြွက်ဆို​လေ​၏။ ဇာခရိ​က​လည်း “အကျွန်ုပ်​သည် အိုမင်း​သူ​ဖြစ်​ပြီး အကျွန်ုပ်​၏​ဇနီး​သည်​လည်း အသက်​ကြီးရင့်​နေ​ပါ​သဖြင့် ဤသို့​ဖြစ်​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု ကောင်းကင်တမန်​အား ပြန်​ပြော​လေ​၏။ ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။ သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ လူ​တို့​သည် ဇာခရိ​ကို​စောင့်မျှော်​နေ​၍ သူ​သည်​ဗိမာန်​တော်​ထဲ၌​ကြန့်ကြာ​နေ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် ဇာခရိ​ပြန်​ထွက်လာ​သောအခါ သူ​တို့​အား​စကား​မ​ပြော​နိုင်​သောကြောင့် သူ​သည် ဗိမာန်​တော်​ထဲ၌ ဗျာဒိတ်​ရူပါရုံ​ကို​မြင်​ရ​ပြီ​ဟု သိရှိ​သွား​ကြ​၏။ ဇာခရိ​သည် သူ​တို့​အား ကိုယ်လက်​အမူအရာ​ကို​သာ​ပြ​၍ ဆွံ့အ​လျက်​နေ​၏။ ထို့နောက် သူ​သည် တာဝန်​ထမ်းဆောင်​ရ​သည့်​နေ့ရက်​များ​ပြီးဆုံး​သွား​သဖြင့် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။ ထို​နေ့ရက်​များ​နောက်တွင် သူ​၏​ဇနီး​အဲလစ်ဇဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။ အဲလစ်ဇဘက်​က “ထာဝရ​ဘုရား​သည် လူ​တို့​အလယ်၌ ငါ​ခံရ​သော​ကဲ့ရဲ့​ရှုတ်ချ​ခြင်း​ကို​ဖယ်ရှား​ရန် ငါ့​ကို​မျက်နှာသာပေး​တော်မူ​သည့်​နေ့ရက်​များ​၌ ဤသို့​ပြု​တော်မူ​ပြီ”​ဟု ဆို​လေ​၏။ ဆဋ္ဌမ​လ​တွင် ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲ​နယ်၊ နာဇရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အပျို​ကညာ​တစ်​ဦး​ထံသို့​စေလွှတ်​တော်မူ​၏။ ထို​အပျို​ကညာ​သည် ဒါဝိဒ်​အမျိုး၊ ယောသပ်​အမည်​ရှိ​သော​သူ​နှင့် စေ့စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာမည်​မှာ မာရိ​ဖြစ်​၏။ ကောင်းကင်တမန်​သည် မာရိ​ထံသို့​ဝင်လာ​၍ “ကျေးဇူး​တော်​ခံစား​ရ​သော​အမျိုးသမီး၊ သင်​သည်​မင်္ဂလာရှိ​ပါစေသော။ ထာဝရ​ဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။ မာရိ​သည် ထို​စကား​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​ပြီး ဤ​နှုတ်ဆက်​ခြင်း​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု တွေးတော​ဆင်ခြင်​လျက်​နေ​၏။ ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။ သင်​သည် သန္ဓေတည်​၍ သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်ခေါ်​ရ​မည်။ သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သား​တော်​ဟူ၍​လည်း ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အား သူ့​အဖ​ဒါဝိဒ်​၏​ရာဇပလ္လင်​ကို​ပေး​တော်မူ​၍ သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။ မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကြည့်​လော့။ သင်​၏​အဆွေအမျိုး အဲလစ်ဇဘက်​သည်​လည်း အိုမင်း​သော​အရွယ်​၌ သားယောက်ျား​ကို​သန္ဓေ​တည်​၍ အမြုံမ​ဟု​အခေါ်​ခံရ​သော​သူ​သည် ယခု ကိုယ်ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။ ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။