YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 24:1-18

ယောရှုမှတ်စာ 24:1-18 MSBU

ထို့နောက် ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို ရှေခင်​မြို့​၌ စုဝေး​စေ​ပြီးလျှင် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ ခေါင်းဆောင်​များ​၊ တရားသူကြီး​များ​နှင့် ကြီးကြပ်သူ​များ​ကို ဆင့်ခေါ်​သဖြင့် သူ​တို့​သည်​လည်း ဘုရားသခင်​၏​ရှေ့​တော်​၌​ရပ်​နေ​ကြ​၏​။ ထိုအခါ ယောရှု​က လူ​အပေါင်း​တို့​အား “​အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အာဗြဟံ​နှင့် နာခေါ်​တို့​၏​ဖခင် တေရ မှစ၍ သင်​တို့​၏​ဘိုးဘေး​တို့​သည် ရှေးယခင်​က ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌​နေထိုင်​၍ အခြား​ဘုရား​များ​ကို​ဝတ်ပြု​ခဲ့​ကြ​၏​။ ငါ​သည် သင်​တို့​အဖ​အာဗြဟံ​ကို ယူဖရေးတီး​မြစ်​တစ်ဖက်​မှ ခေါ်ထုတ်​၍ ခါနာန်​ပြည်​အရပ်ရပ်​သို့​ပို့ဆောင်​ခဲ့​၏​။ သူ​၏​သားစဉ်မြေးဆက်​ကို များပြား​စေ​၏​။ သူ့​အား သား​ဣဇက်​ကို ငါ​ပေး​၏​။ ဣဇက်​အား သား​ယာကုပ်​နှင့်​ဧသော​ကို ငါ​ပေး​၏​။ ဧသော​အား စိရ​တောင်​ကို ငါ​အပိုင်​ပေး​၏​။ ယာကုပ်​နှင့်​သူ​၏​သား​တို့​မူကား အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။ ငါ​သည် မောရှေ​နှင့်​အာရုန်​ကို​စေလွှတ်​၍ အီဂျစ်​ပြည်​၌ ဘေးအမျိုးမျိုး​ကျရောက်​စေ​ခြင်း​အားဖြင့် ဒဏ်ခတ်​ပြီးနောက် သင်​တို့​ကို ထုတ်ဆောင်​ခဲ့​၏​။ ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ ပင်လယ်နီ​သို့ ရောက်​သောအခါ အီဂျစ်​လူမျိုး​တို့​သည် စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ဖြင့် ထို​ပင်လယ်​တိုင်အောင် သင်​တို့​ဘိုးဘေး​တို့​နောက်သို့​လိုက်​ကြ​၏​။ ထိုအခါ သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​သဖြင့် ငါ​သည် သင်​တို့​နှင့်​အီဂျစ်​လူမျိုး​တို့​ကြား​၌ အမှောင်ထု ခြား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်ရေ​လွှမ်းမိုး​သွား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​အား ငါ ဒဏ်ခတ်​ခဲ့​သည်​ကို သင်တို့ကိုယ်တိုင်​မျက်စိ​ဖြင့်​မြင်​ခဲ့​ကြ​၏​။ ထို့နောက်မှ သင်​တို့​သည် တောကန္တာရ​၌ ကာလ​ကြာမြင့်​စွာ​နေထိုင်​ကြ​ရ​၏​။ ငါ​သည် သင်​တို့​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်​၌​နေထိုင်​သော အာမောရိ​လူမျိုး​တို့​၏​ပြည်​သို့ ပို့ဆောင်​၏​။ ထို​သူ​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ကြ​သော်လည်း ငါ​သည် သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​တို့​သည် သူ​တို့​၏​ပြည်​ကို အပိုင်ရ​ကြ​၏​။ ငါ​သည် သူ​တို့​ကို သင်​တို့​၏​ရှေ့​မှာ​ပင် ဖျက်ဆီး​ခဲ့​၏​။ ထို့နောက် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ထ​၍​တိုက်ခိုက်​၏​။ သူ​သည် ဗောရ​၏​သား​ဗာလမ်​ကို လူ​လွှတ်​ခေါ်​၍ သင်​တို့​အား ကျိန်ဆဲ​စေ​၏​။ သို့ရာတွင် ငါ​သည် ဗာလမ်​၏​စကား​ကို​နား​မ​ထောင်​။ သို့ဖြစ်၍ သူ​သည် သင်​တို့​ကို မ​ကျိန်ဆဲ​ဘဲ အကြိမ်ကြိမ်​ကောင်းချီးပေး​ရ​၏​။ ငါ​သည် သင်​တို့​ကို သူ​၏​လက်​မှ​ကယ်နုတ်​ခဲ့​၏​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂျေရိခေါ​မြို့​သို့​ရောက်​သောအခါ ဂျေရိခေါ​မြို့သား​တို့​အပါအဝင် အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ ဟိဝိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ကြ​၏​။ ထို​သူ​တို့​ကို​လည်း သင်​တို့​လက်​သို့ ငါ​အပ်​၏​။ သင်​တို့​၏​ဓား​အားဖြင့်​မ​ဟုတ်​၊ လေး​အားဖြင့်​လည်း​မ​ဟုတ်​။ ငါ​သည် ပျားတူ​များ​ကို သင်​တို့​ရှေ့​မှ စေလွှတ်​၍ အာမောရိ​လူမျိုး​တို့​ရှင်ဘုရင်​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၏​။ ငါ​သည် သင်​တို့​မ​ထွန်ယက်​သော​မြေ​၊ သင်​တို့​မ​တည်ဆောက်​သော​မြို့​များ​ကို သင်​တို့​အား​ပေး​သဖြင့် သင်​တို့​သည် ထို​မြို့​တို့​တွင် နေထိုင်​ရ​ကြ​၏​။ သင်​တို့​မ​စိုက်ပျိုး​သော​စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​မှ အသီး​ကို​လည်း​စား​ရ​ကြ​၏​’​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ ယခု ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​လျက် ရိုးသားဖြူစင်​စွာ​၊ သစ္စာရှိ​စွာ ဝတ်ပြု​ကြ​လော့​။ ယူဖရေးတီး​မြစ်​တစ်ဖက်​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​၌​လည်းကောင်း သင်​တို့​ဘိုးဘေး​တို့​ဝတ်ပြု​ခဲ့​သော​ဘုရား​များ​ကို​ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​လော့​။ ထာဝရဘုရား​ကို ဝတ်​မ​ပြု​သင့်​ဟု သင်​တို့​ထင်မှတ်​လျှင် ယနေ့ သင်​တို့​ဝတ်ပြု​လို​သည့်​ဘုရား​ကို သင်​တို့​ရွေးချယ်​လော့​။ ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌ သင်​တို့​ဘိုးဘေး​ဝတ်ပြု​ခဲ့​သော​အခြား​ဘုရား​များ​ကို ဝတ်ပြု​မည်လော​၊ သင်​တို့​နေထိုင်​ရာ​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​ကို ဝတ်ပြု​မည်လော​။ ငါ​နှင့်​ငါ့​အိမ်သူအိမ်သား​တို့​မူကား ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ဆို​၏​။ ထိုအခါ လူ​တို့​က “​ထာဝရဘုရား​ကို စွန့်​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​ခြင်း​အမှု​သည် အကျွန်ုပ်​တို့​နှင့် ဝေး​ပါစေ​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်တကွ ဘိုးဘေး​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ပေး​ခဲ့​သော​အရှင်​၊ အကျွန်ုပ်​တို့ မျက်စိ​ရှေ့​တွင်​ပင် ကြီးမား​သော​နိမိတ်လက္ခဏာ​များ​ကို ပြ​တော်မူ​သော​အရှင်​၊ လူမျိုးခြား​တို့​အကြား ဖြတ်ကျော်​လာ​ရ​သော​လမ်းခရီး​တစ်လျှောက်လုံး​တွင် အကျွန်ုပ်​တို့​ကို စောင့်ရှောက်​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ဤ​ပြည်​၌​နေထိုင်​သော​အာမောရိ​လူမျိုး​အပါအဝင် လူမျိုးခြား​အပေါင်း​တို့​ကို အကျွန်ုပ်​တို့​ရှေ့​မှ နှင်ထုတ်​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​သောကြောင့် ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ပြန်ဖြေ​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။