YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 3:1-26

ယောဘဝတ္ထု 3:1-26 MSBU

နောက်ဆုံးတွင် ယောဘ​သည် နှုတ်​ကို​ဖွင့်​၍ မိမိ​မွေး​သော​နေ့​ကို ကျိန်ဆဲ​လေ​၏​။ ယောဘ​က “​ငါ​မွေးဖွား​သော​နေ့ ‘​သားယောက်ျား သန္ဓေတည်​ပြီ​’​ဟု ဆို​သော​ည​သည် ပျက်စီး​ပါစေ​။ ထို​နေ့ရက်​သည် မှောင်မိုက်​ဖြစ်​ပါစေ​။ အထက်​အရပ်​ရှိ​ဘုရားသခင်​သည် ထို​နေ့ရက်​ကို အမှတ်​မ​ထား​ပါစေ​နှင့်​။ ထို​နေ့ရက်​သည် အလင်း မ​ထွန်းလင်း​ပါစေ​နှင့်​။ ထို​နေ့ရက်​ကို မှောင်မိုက်​ခြင်း​နှင့် သေမင်း​အရိပ်​တို့​သည် သိမ်းယူ​ပါစေ​။ တိမ်တိုက်​ဖုံးလွှမ်း​ပါစေ​။ နေ့​၏​အမှောင်ထု​သည် ထို​နေ့ရက်​ကို ခြောက်လှန့်​ပါစေ​။ ထို​ည​ကို​လည်း အမှောင်ထု သိမ်းပိုက်​သွား​ပါစေ​။ တစ်နှစ်တာ​၏​နေ့ရက်​များ​တွင် ထို​ည​သည် ဝမ်းသာအားရ​ခွင့် မ​ရ​ပါစေ​နှင့်​။ လ​တို့​၏​အရေအတွက်​ထဲတွင်​လည်း စာရင်း​မ​ဝင်​ပါစေ​နှင့်​။ ကြည့်ရှု​လော့​။ ထို​ည​သည် မြုံ​ပါစေ​။ ရွှင်လန်း​ခြင်း​အသံ​မျှ မ​ရှိ​ပါစေ​နှင့်​။ နေ့​ကို​ကျိန်ဆဲ​သူ​များ​၊ လဝိသန်​ကို​နှိုးဆွ​ဖို့ အသင့်ရှိ​သော​သူ​များ​သည် ထို​ည​ကို ကျိန်ဆဲ​ကြ​ပါစေ​။ ထို​ည​၏​ညဥ့်ဦးယံ​ကြယ်​တို့ ကွယ်​ပါစေ​။ အလင်း​ကို​စောင့်မျှော်​သော်လည်း မ​ရ​ပါစေ​နှင့်​။ အရုဏ်ဦး​လင်းရောင်ခြည်​ကို​လည်း မ​တွေ့​ရ​ပါစေ​နှင့်​။ အကြောင်းမူကား ငါ့​အမိ​ဝမ်း​ကို​မ​ပိတ်​ပေး​ပါ​။ အခက်အခဲ​ပြဿနာ​ကို​လည်း ငါ့​ထံမှ မ​လွှဲပေး​ပါ​။ ငါ​သည် မွေးစ​ကပင် အဘယ်ကြောင့် မ​သေ​ရ​သနည်း​။ အမိ​ဝမ်း​ထဲက​ထွက်လာ​စဉ်ကပင် အဘယ်ကြောင့် အသက်​မ​ချုပ်ငြိမ်း​ရ​သနည်း​။ ဒူး​တို့​သည်​လည်း အဘယ်ကြောင့် ငါ့​ကို​ကြိုဆို​ကြ​သနည်း​။ အဘယ်ကြောင့် နို့​ကို ငါ​စို့​ရ​သနည်း​။ ထိုသို့​သာ​မ​ဖြစ်​ခဲ့​လျှင် ငါ​သည် ယခု ငြိမ်းချမ်း​စွာ​လဲလျောင်း​ရ​လေ​ပြီ​။ အိပ်စက်​အနားယူ​ရ​လေ​ပြီ​။ မိမိ​တို့​အတွက် ပြိုပျက်​ရာ​များ​ကို​ပြန်လည်​တည်ဆောက်​နေ​ကြ​သော ရှင်ဘုရင်​များ​၊ လောကီ​အကြံပေးသူ​များ​၊ ရွှေ​ကို​ပိုင်ဆိုင်​၍ မိမိ​တို့​အိမ်​ကို ငွေ​ဖြင့်​ပြည့်​စေ​သော မင်းညီမင်းသား​များ​နှင့်အတူ အိပ်စက်​အနားယူ​နေ​ရ​ပြီ​။ သို့မဟုတ် ငါ​သည် မြေမြှုပ်​ခံရ​သည့်​အသေမွေး​သော​ကလေး​ကဲ့သို့​လည်းကောင်း​၊ အလင်း​မ​မြင်​လိုက်​ရ​သော​ကလေး​ကဲ့သို့​လည်းကောင်း အဘယ်ကြောင့် မ​ဖြစ်​ရ​သနည်း​။ ထို​နေရာ​တွင် လူဆိုး​တို့​ဒုက္ခ​မ​ပေး​နိုင်​။ ထို​နေရာ​တွင် မောပန်း​သူ​တို့ ငြိမ်းချမ်း​စွာ​နေ​ရ​၏​။ ထို​နေရာ​တွင် အဓမ္မစေခိုင်းသံ​များ​မ​ကြား​ရ​ဘဲ အကျဉ်းသား​တို့ အေးချမ်း​စွာ​နေ​ကြ​ရ​၏​။ ထို​နေရာ​တွင် အယုတ်​အမြတ်​ဟူ၍ မ​ရှိ​။ ကျွန်​သည်​လည်း သခင့်​လက်​မှ​လွတ်မြောက်​ရ​၏​။ ဒုက္ခရောက်​နေ​သူ​ကို အဘယ်ကြောင့် အလင်း​ပေး​သနည်း​။ ခါးသီး​စွာ​ခံစား​နေ​ရ​သူ​တို့​ကို အဘယ်ကြောင့် အသက်ရှင်​ခွင့်​ပေး​သနည်း​။ သေ​ခြင်း​ကို​တောင့်တ​သော​သူ​တို့​သည် သေ​ခွင့်​ကို မ​ရ​ကြ​။ သူ​တို့​သည် ဝှက်ထား​သော​ဘဏ္ဍာ​ထက် သေ​ခြင်း​ကို သာ၍​ရှာဖွေ​ကြ​၏​။ သင်္ချိုင်း​ကို​သာ​ရှာတွေ့​လျှင် အဘယ်​မျှ​လောက် ဝမ်းမြောက်​ပျော်ရွှင်​ကြ​မည်နည်း​။ လမ်း​ပျောက်​နေ​သူ​၊ ဘုရားသခင်​ဆီးတားပိတ်ဆို့​ထား​သော​သူ​ကို အဘယ်ကြောင့် အလင်း​ပေး​သနည်း​။ ငါ​သည် စားသောက်​ရ​မည့်​အစား ငိုကြွေး​နေ​ရ​ပါ​၏​။ ရေ​စီးဆင်း​သကဲ့သို့ ညည်းတွား​နေ​ရ​ပါ​၏​။ ငါ​ကြောက်ရွံ့​ထိတ်လန့်​သော​အရာ​သည် ငါ့​အပေါ်​သို့ ကျရောက်​လာ​ပြီ​။ ငါ​စိုးရိမ်​သော​အမှု​ကို ငါ​ကြုံ​ရ​လေ​ပြီ​။ ဒုက္ခဆင်းရဲ​နှင့်​ကြုံ​နေ​ရ​ပြီ​ဖြစ်၍ ငါ​၌ ဝမ်းမြောက်​ခြင်း​မ​ရှိ​။ ငြိမ်သက်​ခြင်း​မ​ရှိ​။ အေးအေးချမ်းချမ်း​နေ​ခွင့်​မ​ရ​တော့​ပြီ​”​ဟု ညည်းဆို​လေ​၏​။