YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 6:30-59

ရှင်ယောဟန်ခရစ်ဝင် 6:30-59 MSBU

သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။ ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မောရှေ​မ​ဟုတ်။ ငါ့​ခမည်းတော်​က​သာ ကောင်းကင်​မှ​စစ်မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​က “သခင်​ဘုရား၊ ထို​မုန့်​ကို အကျွန်ုပ်​တို့​အား အစဉ်​ပေး​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သည် အသက်​မုန့်​ဖြစ်​၏။ ငါ့​ထံသို့​လာ​သော​သူ​သည် မည်သည့်​အခါ​မျှ ဆာလောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံကြည်​သော​သူ​သည်​လည်း မည်သည့်​အခါ​မျှ​ရေငတ်​တော့မည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။ ငါ့​အား​ခမည်းတော်​ပေး​တော်မူ​သော​သူ​မှန်သမျှ​သည် ငါ့​ထံသို့​လာ​မည်။ ငါ့​ထံသို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်သည့်​အခါ​မျှ​နှင်ထုတ်​မည်​မ​ဟုတ်။ အကြောင်းမူကား ငါ​သည် မိမိ​အလို​ကို ဆောင်ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​ရန် ကောင်းကင်​မှ​ဆင်းသက်​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကား ငါ့​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​တွင် တစ်စုံတစ်ဦး​ကို​မျှ ငါ​မ​ဆုံးရှုံး​ဘဲ နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေရန်​ဖြစ်​၏။ အမှန်စင်စစ် ငါ့​ခမည်းတော်​၏​အလို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏။ ယေရှု​က“ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် ယောသပ်​၏​သား​ယေရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိခင်​နှင့်​ဖခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယခု သူ​သည် အဘယ်ကြောင့်‘ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​၏’​ဟု ဆို​ရ​သနည်း”​ဟူ၍ ကိုယ်တော်​အကြောင်း​ကို မကျေမနပ်​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“အချင်းချင်း​ကြား​တွင်​မကျေမနပ်​ပြောဆို​မ​နေ​ကြ​နှင့်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ဆွဲငင်​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်။ ငါ့​ထံသို့​လာ​သော​သူ​ကို နောက်ဆုံး​သော​နေ့​၌ ငါ​သည်​ထမြောက်​စေ​မည်။ ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။ ထိုသို့ဆိုသော် တစ်စုံတစ်ယောက်​က ခမည်းတော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆိုလို။ ဘုရားသခင်​ထံမှ ကြွလာ​သော​သူ​တစ်ဦးတည်း​သာလျှင် ခမည်းတော်​ကို​မြင်​ခဲ့​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် အသက်​မုန့်​ဖြစ်​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေဆုံး​သွား​ကြ​၏။ ဤ​မုန့်​ကား စားသုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်းလွတ်​မည့်​အကြောင်း ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သည့် အသက်ရှင်​သော​မုန့်​ဖြစ်​၏။ မည်သူမဆို ဤ​မုန့်​ကို​စား​လျှင် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်။ လောကီသား​တို့​၏​အသက်​အတွက် ငါ​ပေး​မည့်​မုန့်​ကား ငါ​၏​အသား​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ လူ့သား​၏​အသား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အသက်​မ​ရှိ။ ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်ဆုံး​သော​နေ့​၌ ထမြောက်​စေ​မည်။ အကြောင်းမူကား ငါ​၏​အသား​သည် စစ်မှန်​သော​စားစရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်မှန်​သော​သောက်​စရာ​ဖြစ်​၏။ ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။ အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။ ဤ​မုန့်​ကား ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုးဘေး​များ​စား​ပြီး သေဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် မိန့်​တော်မူ​၏။