YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 4:43-54

ရှင်ယောဟန်ခရစ်ဝင် 4:43-54 MSBU

နှစ်​ရက်​လွန်​သော် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၏။ ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​၌ ဂုဏ်သရေ​မ​ရှိ​ကြောင်း ယေရှု​ကိုယ်တိုင်​သက်သေခံ​တော်မူ​၏။ ဂါလိလဲ​နယ်​သို့​ရောက်​တော်မူ​သောအခါ ဂါလိလဲ​နယ်သား​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​လက်ခံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည်​လည်း ပွဲတော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲတော်​ကာလ​အတွင်း ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှုအရာ​အားလုံး​တို့​ကို မြင်​ခဲ့​ကြ​၏။ ထို့နောက် ယေရှု​သည် ရေ​ကို​စပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါလိလဲ​နယ်၊ ကာန​မြို့​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ထိုအခါ​၌ ကပေရနောင်​မြို့​တွင် မှူးမတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာမကျန်း​ဖြစ်​နေ​၏။ ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။ ယေရှု​က​လည်း“သင်​တို့​သည် နိမိတ်​လက္ခဏာ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို မ​မြင်​ရ​လျှင် မည်သည့်​အခါ​မျှ ယုံကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​မ​သေ​မီ ကြွလာ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သွား​လော့။ သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​သည် မိမိ​အား ယေရှု​မိန့်​တော်မူ​သော​စကား​ကို​ယုံကြည်​၍ ပြန်​သွား​လေ​၏။ အပြန်​လမ်း​တွင် သူ​၏​အစေအပါး​တို့​သည် သူ့​ကို​ဆီးကြို​လျက် သူ့​သား​အသက်​ချမ်းသာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြောကြား​ကြ​၏။ ထိုအခါ သူ​သည် မိမိ​၏​သား သက်သာ​သွား​သည့်​အချိန်​ကို အစေခံ​တို့​အား​မေးမြန်း​လျှင် သူ​တို့​က “မနေ့​မွန်းလွဲ​တစ်​နာရီ​တွင် အဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ထို​အချိန်​သည်“သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ”​ဟု ယေရှု​မိန့်​တော်မူ​သော​အချိန်​ဖြစ်​ကြောင်း​ကို ဖခင်​သိ​သဖြင့် သူ​ကိုယ်တိုင်​မှစ၍ သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​သည် ယုံကြည်​ကြ​၏။ ဤသည်ကား ယုဒ​နယ်​မှ ဂါလိလဲ​နယ်​ထဲသို့ ယေရှု​ကြွလာ​တော်မူ​ပြီးနောက် ထပ်မံ​၍​ပြု​တော်မူ​သော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်​၏။

​ရှင်ယောဟန်ခရစ်ဝင် 4:43-54 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။