YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 4:1-42

ရှင်ယောဟန်ခရစ်ဝင် 4:1-42 MSBU

ယေရှု​သည် ယောဟန်​ထက် ပို၍​များ​သော​သူ​တို့​ကို​တပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိဇံ​ပေး​နေ​သည်​ဟု ဖာရိရှဲ​တို့​ကြားသိ​ကြောင်း ယေရှု​သိ​တော်မူ​သောအခါ (အမှန်အားဖြင့် ယေရှု​ကိုယ်တိုင်​ဗတ္တိဇံ​ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။) ကိုယ်တော်​သည် ယုဒ​နယ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ကိုယ်တော်​သည် ရှမာရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်၍ ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက်​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။ ထို​အရပ်​၌ ယာကုပ်​၏​ရေတွင်း​ရှိ​လေ​ရာ ယေရှု​သည် ခရီးပန်း​သဖြင့် ထို​ရေတွင်း​နား​မှာ​ထိုင်​နေ​တော်မူ​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ရှမာရိ​အမျိုးသမီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်ရှိ​လာ​ရာ ယေရှု​က“ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အမျိုးသမီး​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​ကား အစားအစာ​ဝယ်​ရန် မြို့​ထဲသို့​သွား​နေ​ခိုက်​ဖြစ်​၏။ ထို​ရှမာရိ​အမျိုးသမီး​က​လည်း “သင်​သည် ဂျူး​လူမျိုး​ဖြစ်​လျက်​နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်​သော​ကျွန်မ​ထံမှ သောက်​ရေ​ကို အဘယ်ကြောင့်​တောင်း​ရ​သနည်း”​ဟု ဆို​၏။ [ထိုသို့​ဆို​သည့်​အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ရှမာရိ​နယ်သား​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​လေ့​မ​ရှိ​သောကြောင့်​ဖြစ်​၏။] ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က “အရှင်၊ အရှင့်​မှာ​ရေ​ခပ်​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ဤ​ရေတွင်း​လည်း​နက်​သည်​ဖြစ်၍ ထို​အသက်​ရေ​ကို အဘယ်က​ရ​ပါ​မည်နည်း။ အရှင်​သည် ကျွန်မ​တို့​၏​အဖ ယာကုပ်​ထက် ကြီးမြတ်​ပါ​သလော။ ယာကုပ်​သည် ဤ​ရေတွင်း​ကို ကျွန်မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်တိုင်​မှစ၍ သူ​၏​သား​သမီး​များ​နှင့် သူ​မွေးမြူ​သော​တိရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်တစ်ဖန်​ရေငတ်​ဦး​မည်။ ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင် ယေရှု​က“သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သောကြောင့် သင်​ပြော​သော​စကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။ ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က“အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။ ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သို့သော် စစ်မှန်​သော​ကိုးကွယ်​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် ထိုသို့​ကိုးကွယ်​သော​သူ​တို့​ကို အလိုရှိ​တော်မူ​၏။ ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင် ယေရှု​က“သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။ ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင် “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့် လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။ ထို​အချိန်​အတောအတွင်း​၌ တပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံးဆောင်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​ပန်ကြား​ကြ​၏။ သို့သော် ကိုယ်တော်​က“ငါ​၌ သင်​တို့​မ​သိ​သော​စားစရာ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် တပည့်​တော်​တို့​က “တစ်စုံတစ်ယောက်​သည် ကိုယ်တော်​အား စား​စရာ​ကို​ယူလာ​ပေး​ပြီ​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​၏​အလို​တော်​ကို ဆောင်ရွက်​၍ သူ​၏​အမှု​တော်​ကို​ပြီးမြောက်​စေ​ခြင်း​သည် ငါ​၏​အစားအစာ​ဖြစ်​၏။ သင်​တို့​က ‘ရိတ်သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်ပြင်​တို့​ကို မျှော်ကြည့်​ကြ​လော့။ ရိတ်သိမ်း​ရန်​အသင့်​ရှိ​လျက် ဝင်းမှည့်​နေ​ပြီ။ မျိုးကြဲ​သော​သူ​နှင့်​ရိတ်သိမ်း​သော​သူ​သည် အတူတကွ​ဝမ်းမြောက်​ကြ​မည့်​အကြောင်း ရိတ်သိမ်း​သော​သူ​သည် ဆုလာဘ်​ကို​ရရှိ​လျက် ထာဝရ​အသက်​အတွက် အသီးအနှံ​ကို​စုသိမ်း​နှင့်​ပြီ။ ထို့ကြောင့် ‘တစ်​ဦး​က မျိုးကြဲ​လျက် အခြား​တစ်​ဦး​က ရိတ်သိမ်း​၏’​ဟူသော​ဆိုရိုး​စကား​သည် ဤ​နေရာ​၌ မှန်ကန်​၏။ သင်​တို့​လုပ်အား​မ​စိုက်​ခဲ့​သော​အရာ​ကို ရိတ်သိမ်း​ရန် သင်​တို့​အား ငါ​စေလွှတ်​၏။ အခြား​သော​သူ​တို့​သည် လုပ်အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အားစိုက်​မှု​ရလဒ်​၌ ပါဝင်​ရ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။ ထိုအခါ ပို၍​များစွာ​သော​သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကြောင့် ယုံကြည်​ကြ​၏။ သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင်​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။

Video for ရှင်ယောဟန်ခရစ်ဝင် 4:1-42

​ရှင်ယောဟန်ခရစ်ဝင် 4:1-42 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။