YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 4:1-26

ရှင်ယောဟန်ခရစ်ဝင် 4:1-26 MSBU

ယေရှု​သည် ယောဟန်​ထက် ပို၍​များ​သော​သူ​တို့​ကို​တပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိဇံ​ပေး​နေ​သည်​ဟု ဖာရိရှဲ​တို့​ကြားသိ​ကြောင်း ယေရှု​သိ​တော်မူ​သောအခါ (အမှန်အားဖြင့် ယေရှု​ကိုယ်တိုင်​ဗတ္တိဇံ​ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။) ကိုယ်တော်​သည် ယုဒ​နယ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ကိုယ်တော်​သည် ရှမာရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်၍ ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက်​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။ ထို​အရပ်​၌ ယာကုပ်​၏​ရေတွင်း​ရှိ​လေ​ရာ ယေရှု​သည် ခရီးပန်း​သဖြင့် ထို​ရေတွင်း​နား​မှာ​ထိုင်​နေ​တော်မူ​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ရှမာရိ​အမျိုးသမီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်ရှိ​လာ​ရာ ယေရှု​က“ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အမျိုးသမီး​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​ကား အစားအစာ​ဝယ်​ရန် မြို့​ထဲသို့​သွား​နေ​ခိုက်​ဖြစ်​၏။ ထို​ရှမာရိ​အမျိုးသမီး​က​လည်း “သင်​သည် ဂျူး​လူမျိုး​ဖြစ်​လျက်​နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်​သော​ကျွန်မ​ထံမှ သောက်​ရေ​ကို အဘယ်ကြောင့်​တောင်း​ရ​သနည်း”​ဟု ဆို​၏။ [ထိုသို့​ဆို​သည့်​အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ရှမာရိ​နယ်သား​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​လေ့​မ​ရှိ​သောကြောင့်​ဖြစ်​၏။] ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က “အရှင်၊ အရှင့်​မှာ​ရေ​ခပ်​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ဤ​ရေတွင်း​လည်း​နက်​သည်​ဖြစ်၍ ထို​အသက်​ရေ​ကို အဘယ်က​ရ​ပါ​မည်နည်း။ အရှင်​သည် ကျွန်မ​တို့​၏​အဖ ယာကုပ်​ထက် ကြီးမြတ်​ပါ​သလော။ ယာကုပ်​သည် ဤ​ရေတွင်း​ကို ကျွန်မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်တိုင်​မှစ၍ သူ​၏​သား​သမီး​များ​နှင့် သူ​မွေးမြူ​သော​တိရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်တစ်ဖန်​ရေငတ်​ဦး​မည်။ ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင် ယေရှု​က“သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သောကြောင့် သင်​ပြော​သော​စကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။ ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က“အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။ ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သို့သော် စစ်မှန်​သော​ကိုးကွယ်​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် ထိုသို့​ကိုးကွယ်​သော​သူ​တို့​ကို အလိုရှိ​တော်မူ​၏။ ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင် ယေရှု​က“သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

​ရှင်ယောဟန်ခရစ်ဝင် 4:1-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။