YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 2:13-25

ရှင်ယောဟန်ခရစ်ဝင် 2:13-25 MSBU

ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​ကြွ​တော်မူ​၏။ ဗိမာန်​တော်​၌ သိုး၊ နွား​နှင့် ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှစ၍ ငွေလဲ​ပွဲစား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်မူ​ရာ ကိုယ်တော်​သည် ကြိုး​များ​ဖြင့် ကျာပွတ်​ကို​ပြုလုပ်​ပြီးလျှင် သိုး၊ နွား​တို့​နှင့်တကွ ထို​သူ​အပေါင်း​တို့​ကို ဗိမာန်​တော်​ထဲမှ​နှင်ထုတ်​၍ ငွေကြေး​လဲလှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်ချ​ကာ သူ​တို့​၏​စားပွဲ​များ​ကို​မှောက်လှန်​တော်မူ​၏။ ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း“ဤ​ဥစ္စာ​များ​ကို ဤ​နေရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။ “ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ကို တပည့်​တော်​တို့​သည် သတိရ​ကြ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က ကိုယ်တော်​အား “သင်​သည် ဤသို့​ပြု​ခြင်း​အတွက် မည်သည့်​နိမိတ်​လက္ခဏာ​ကို ငါ​တို့​အား​ပြ​မည်နည်း”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​ကြ​လော့။ ငါ​သည် ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “ဤ​ဗိမာန်​တော်​ကို​တည်ဆောက်​ရန် လေးဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူကား ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။ သို့ရာတွင် ယေရှု​သည် မိမိ​ကိုယ်ခန္ဓာ​တည်းဟူသော​ဗိမာန်​တော်​ကို ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ထို့ကြောင့် ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သော​ဤ​စကား​ကို ပြန်လည်​သတိရ​ကာ ကျမ်းစာ​နှင့် ယေရှု​မိန့်​တော်မူ​သော​စကား​ကို ယုံကြည်​ကြ​၏။ ပသခါ​ပွဲတော်​အတောအတွင်း ဂျေရုဆလင်​မြို့​၌ ယေရှု​ရှိ​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​တို့​ကို မြင်​ရ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​ကြ​၏။ သို့သော် ယေရှု​သည် မိမိကိုယ်ကို သူ​တို့​ထံ၌​ပုံအပ်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် လူ​ခပ်သိမ်း​တို့​ကို​သိ​တော်မူ​၍ လူ​၏​စိတ်​ထဲ၌​ရှိ​သော​အရာ​ကို​သိ​တော်မူ​သောကြောင့် လူ​၏​အကြောင်း​ကို မည်သူ​က​မျှ သက်သေခံ​ပေး​ရန်​မ​လိုအပ်​ပေ။