YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 19:16-37

ရှင်ယောဟန်ခရစ်ဝင် 19:16-37 MSBU

ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​စေရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​လျက် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်​သော​နေရာ​သို့ ထွက်သွား​တော်မူ​၏။ (ထို​အရပ်​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂေါလဂေါသ​ဟု​ခေါ်​သည်။) သူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို အခြား​သော​သူ​နှစ်​ဦး​တို့​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​၏။ ယေရှု​ကို​အလယ်​၌​ထား​၍ ထို​သူ​နှစ်​ဦး​တို့​ကို ကိုယ်တော်​၏​တစ်ဖက်တစ်ချက်စီ​၌​ထား​ကြ​၏။ ပိလတ်​မင်း​သည် ကမ္ပည်း​ကို​လည်း ရေး​ထိုး​၍ လက်ဝါးကပ်တိုင်​ပေါ်မှာ​တပ်​ထား​၏။ ထို​ကမ္ပည်း​တွင် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ နာဇရက်​မြို့သား​ယေရှု”​ဟု ရေး​ထား​၏။ ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သော​အရပ်​သည် မြို့​နှင့်​နီး​သည့်​အပြင် ထို​ကမ္ပည်း​ကို ဟေဗြဲ​ဘာသာ၊ လက်တင်​ဘာသာ​နှင့် ဂရိ​ဘာသာ​တို့​ဖြင့် ရေး​ထား​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ၎င်း​ကို​ဖတ်​ကြ​၏။ ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​က “ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဟု မ​ရေး​ဘဲ ဤ​သူ​က ငါ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​သည်​ဟု​ဆို​ခဲ့​၏​ဟူ၍ ရေး​ပေး​ပါ”​ဟု ပိလတ်​မင်း​အား လျှောက်ထား​ကြ​၏။ ပိလတ်​မင်း​က​လည်း “ငါ​ရေး​ပြီး​သည့်​အတိုင်း ငါ​ရေး​ပြီ”​ဟု ပြန်​ပြော​လေ​၏။ စစ်သား​တို့​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​ပြီး​သောအခါ ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို လေး​ပိုင်း​ပိုင်း​၍ တစ်​ယောက်​တစ်​ပိုင်း​စီ​ယူ​ကြ​၏။ အတွင်း​အဝတ်​တော်​ကို​လည်း​ယူ​ကြ​ရာ ၎င်း​သည် ချုပ်ရိုး​မ​ရှိ​ဘဲ အထက်စွန်း​မှ တစ်ထည်​လုံး​ကို တစ်ဆက်​တည်း​ရက်​ထား​သည့် အဝတ်​ဖြစ်​သောကြောင့် “ဤ​အဝတ်​ကို​မ​ဆုတ်​ဘဲ မည်သူ​ရ​မည်​ကို မဲချ​ကြ​စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ စစ်သား​တို့ ဤသို့​ပြု​ကြ​ခြင်း​မှာ “သူ​တို့​သည် အကျွန်ုပ်​၏​ဝတ်ရုံ​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​အဝတ်​အတွက် မဲ​ချ​ကြ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ ယေရှု​၏​လက်ဝါးကပ်တိုင်​တော်​အနီး​၌​ကား ယေရှု​၏​မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလ​မြို့သူ​မာရိ​တို့​သည် ရပ်​နေ​ကြ​၏။ ယေရှု​သည် အနီး​၌​ရပ်​နေ​သည့် ချစ်​တော်မူ​သော​တပည့်​တော်​နှင့် မယ်တော်​ကို မြင်​တော်မူ​လျှင် မယ်တော်​အား“အသင်​အမျိုးသမီး၊ ကြည့်​လော့။ သင်​၏​သား​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​တပည့်​တော်​အား“ကြည့်​လော့။ သင်​၏​အမိ​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​တပည့်​တော်​သည် မယ်တော်​ကို မိမိ​အိမ်​၌​ခေါ်​ထား​လေ​၏။ ထို့နောက် ယေရှု​သည် အမှု​အလုံးစုံ​ပြီးစီး​ပြီ​ဖြစ်​ကြောင်း သိ​တော်မူ​၍ ကျမ်းစာ​ကို​ပြည့်စုံ​စေရန်“ငါ​ရေငတ်​သည်”​ဟု မိန့်​တော်မူ​၏။ ထို​အရပ်​၌ ဝိုင်ချဉ်​အပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထားရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်ချဉ်​ဝ​နေ​သော​ရေမြှုပ်​ကို ဟုဿုပ်​ရိုးတံ​အဖျား​၌​တပ်​လျက် နှုတ်ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။ ထိုသို့ ဝိုင်ချဉ်​ကို​ခံယူ​ပြီး​သောအခါ ယေရှု​သည်“အမှု​ပြီး​ပြီ”​ဟု မိန့်​တော်မူ​လျက် ဦးခေါင်း​တော်​ငိုက်စိုက်​ကျ​ကာ အသက်​ကို​စွန့်​တော်မူ​၏။ ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။ ထို့ကြောင့် စစ်သား​တို့​သည်​လာ​၍ ယေရှု​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သူ ပထမ​တစ်ဦး​၏​ခြေ​နှင့် နောက်​တစ်ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။ သို့သော် ယေရှု​ထံသို့​ရောက်​၍ ကိုယ်တော်​သေဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့မြင်​သောအခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ စစ်သား​တစ်​ဦး​က နံဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထိုအခါ သွေး​နှင့်​ရေ​သည် ချက်ချင်း​ထွက်လာ​၏။ ဤ​အခြင်းအရာ​ကို​မြင်​သော​သူ​သည် သက်သေခံ​ခဲ့​၍ သူ​၏​သက်သေခံ​ချက်​သည်​မှန်ကန်​၏။ သင်​တို့​သည်​လည်း ယုံကြည်​ကြ​ရန် သူ​သည် မှန်ကန်​စွာ​ပြောဆို​နေ​ကြောင်း သူ​ကိုယ်တိုင်​သိ​၏။ ဤသို့​ဖြစ်ပျက်​ခဲ့​သည်​မှာ “သူ​၏​အရိုး​တစ်​ချောင်း​မျှ ချိုးဖဲ့​ခြင်း​မ​ခံရ”​ဟူသော​ကျမ်းချက်​ကို ပြည့်စုံ​စေရန်​ဖြစ်​၏။ တစ်ဖန် အခြား​သော​ကျမ်းချက်​၌ “သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​သော​သူ​ကို ရှုမြင်​ရ​ကြ​လိမ့်မည်”​ဟု ဆို​ထား​၏။