YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 15:1-12

ရှင်ယောဟန်ခရစ်ဝင် 15:1-12 MSBU

ငါ​သည် စစ်မှန်​သော​စပျစ်​ပင်​ဖြစ်​၏။ ငါ့​ခမည်းတော်​ကား ဥယျာဉ်မှူး​ဖြစ်​တော်မူ​၏။ ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။ သင်​တို့​အား ငါ​ဟောပြော​သော​တရား​စကား​အားဖြင့် သင်​တို့​သည်စင်ကြယ်​လျက်​ရှိ​ကြ​ပြီ။ ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။ ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။ တစ်စုံတစ်ဦး​သည် ငါ​၌​မ​တည်​မ​နေ​လျှင် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့​လွှတ်ပစ်​ခြင်း​ခံရ​၍ ညှိုးနွမ်း​ခြောက်သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စုစည်း​လျက် မီး​ထဲသို့​ပစ်ချ​လိုက်​ကြ​သဖြင့် လောင်ကျွမ်း​သွား​၏။ သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လိုချင်​သမျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အတွက် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ သင်​တို့​သည် များစွာ​သော​အသီး​ကို​သီး​လျက် ငါ​၏​တပည့်​များ​ဖြစ်​ခြင်း​အားဖြင့် ငါ့​ခမည်းတော်​သည် ဘုန်း​ထင်ရှား​တော်မူ​၏။ ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​သကဲ့သို့ ငါ​သည် သင်​တို့​ကို​ချစ်​၏။ ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လော့။ ငါ​သည် ငါ့​ခမည်းတော်​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​၍ ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​၌ တည်​နေ​သကဲ့သို့ သင်​တို့​သည် ငါ​၏​ပညတ်​ချက်​များ​ကို​စောင့်ထိန်း​လျှင် ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လိမ့်မည်။ သင်​တို့​၌ ငါ​၏​ဝမ်းမြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​သည် ပြည့်ဝ​စုံလင်​မည့်​အကြောင်း ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။ ငါ​၏​ပညတ်​ချက်​ကား ‘ငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့’ဟူ၍ ဖြစ်​၏။

​ရှင်ယောဟန်ခရစ်ဝင် 15:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။