YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 14:15-26

ရှင်ယောဟန်ခရစ်ဝင် 14:15-26 MSBU

သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ငါ​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​ကြ​လိမ့်မည်။ ငါ​သည်​လည်း ခမည်းတော်​ကို​တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် အခြား​သော​ကူညီ​မစ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​စေရန် သင်​တို့​အား​ပေး​တော်မူ​မည်။ ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။ ငါ​သည် သင်​တို့​ကို မိဘမဲ့​အဖြစ် ပစ်ထား​မည်​မ​ဟုတ်။ သင်​တို့​ထံသို့ ငါ​ပြန်လာ​ဦး​မည်။ နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။ ထို​နေ့​တွင် ငါ့​ခမည်းတော်​၌ ငါ​ရှိ​သည်​ကို​လည်းကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​လိမ့်မည်။ ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။ ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။ ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။ ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​ရ​သော​စကား​သည် ငါ​၏​စကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​၏​စကား​ဖြစ်​၏။ သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ် ဤ​အရာ​များ​ကို ငါ​ဟောပြော​ခဲ့​ပြီ။ သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။

​ရှင်ယောဟန်ခရစ်ဝင် 14:15-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။