YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 13:1-20

ရှင်ယောဟန်ခရစ်ဝင် 13:1-20 MSBU

ပသခါ​ပွဲတော်​မတိုင်မီ​၌ ယေရှု​သည် ဤ​လောက​မှ​ထွက်ခွာ​ပြီး ခမည်းတော်​ထံသို့​သွား​ရ​မည့် မိမိ​အချိန်​ရောက်လာ​သည်​ကို သိ​တော်မူ​၍ ဤ​လောက​၌​ရှိ​သော မိမိ​လူ​တို့​ကို​ချစ်​တော်မူ​လျက် အဆုံး​တိုင်အောင်​ချစ်​တော်မူ​၏။ ညစာ​ကို​စား​ကြ​စဉ် မာရ်နတ်​သည် ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ကို​အပ်နှံ​ရန် အကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။ ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့် ညစာ​စားပွဲ​မှ​ထ​၍ ဝတ်ရုံ​တော်​ကို​ချွတ်​ပြီးလျှင် ပဝါ​ကို​ယူ​လျက် မိမိ​ခါး​၌​စည်း​တော်မူ​၏။ ထို့နောက် ဇလုံ​၌​ရေ​ထည့်​၍ တပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီးမှ ခါး​၌​စည်း​ထား​သော​ပဝါ​ဖြင့် သုတ်​တော်မူ​၏။ ဤသို့ဖြင့် ရှိမုန်​ပေတရု​ထံ​ရောက်​တော်မူ​သောအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်မူ​မည်​လော”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​သည် ငါ​ပြု​နေ​သော​အရာ​ကို ယခု​နား​မ​လည်​သော်လည်း နောင်​အခါ​သဘောပေါက်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင် ပေတရု​က “အကျွန်ုပ်​၏​ခြေ​ကို လုံးဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့်​မ​သက်ဆိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုအခါ ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦးခေါင်း​တို့​ကို​ပါ ဆေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ရေချိုး​ပြီး​သော​သူ​သည် တစ်ကိုယ်လုံး​စင်ကြယ်​သည်​ဖြစ်​၍ ခြေ​မှလွဲ၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် သင်​တို့​အားလုံး​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် မိမိ​ကို မည်သူ​အပ်နှံ​မည်​ကို​သိ​တော်မူ​သောကြောင့်“သင်​တို့​အားလုံး​စင်ကြယ်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ထိုသို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သောအခါ ကိုယ်တော်​သည် ဝတ်ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်ဖန်​ထိုင်​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​၌ ငါ​ပြု​ခဲ့​သော​အရာ​ကို နားလည်​ကြ​သလော။ သင်​တို့​သည် ငါ့​ကို ဆရာ​ဟူ၍​လည်းကောင်း၊ သခင်​ဘုရား​ဟူ၍​လည်းကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အတိုင်း​ဖြစ်​သောကြောင့် သင်​တို့ ထိုသို့​ခေါ်​ကြ​သည်​မှာ လျောက်ပတ်​ပေ​၏။ ထို့ကြောင့် သခင်​ဘုရား​လည်း​ဖြစ်၍ ဆရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အချင်းချင်း​တို့​၏​ခြေ​ကို​ဆေး​ကြ​ရ​မည်။ သင်​တို့​၌ ငါ​ပြု​သကဲ့သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံနမူနာ​ကို ငါ​ပြ​ခဲ့​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ စေတမန်​သည်​လည်း သူ့​ကို​စေလွှတ်​သော​သူ​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ ဤ​အရာ​များ​ကို သင်​တို့​သိမှတ်​၍ ထို​အတိုင်း​ကျင့်သုံး​လျှင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သင်​တို့​အားလုံး​ကို ငါ​ရည်ညွှန်း​ပြောဆို​သည်​မ​ဟုတ်။ ငါ​ရွေးကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖနောင့်​နှင့်​ပေါက်​လေ​၏’ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ရ​မည်။ ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံကြည်​ကြ​ရန် ထို​အခြင်းအရာ​မ​ဖြစ်ပျက်​မီ ယခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​စေလွှတ်​သော​သူ​ကို လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။