ပွဲတော်တွင် ဝတ်ပြုကိုးကွယ်ရန် တက်လာကြသောသူတို့ထဲ၌ ဂရိလူမျိုးအချို့ပါ၏။ သူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံချဉ်းကပ်၍ “ဆရာ၊ အကျွန်ုပ်တို့သည် ယေရှုကိုတွေ့မြင်လိုပါသည်”ဟု တောင်းဆိုကြ၏။ ဖိလိပ္ပုသည်သွား၍ အန္ဒြေကိုပြောပြပြီးလျှင် အန္ဒြေနှင့်ဖိလိပ္ပုတို့သည်လာ၍ ယေရှုထံလျှောက်ထားကြ၏။ ထိုအခါ ယေရှုက“လူ့သားကို ဘုန်းတော်ထင်ရှားစေမည့်အချိန် ရောက်လာပြီ။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။ မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။ ယခု ငါ့စိတ်ပူပန်လျက်ရှိ၏။ ငါမည်သို့လျှောက်ရပါမည်နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟူ၍ လျှောက်ရပါမည်လော။ သို့ရာတွင် ငါသည် ဤအတွက်ကြောင့် ယခုအချိန်နာရီသို့ ရောက်လာခဲ့၏။ ‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။ အနီးနား၌ရပ်နေ၍ ထိုအသံကိုကြားကြသော လူထုပရိသတ်တို့က “မိုးချုန်းသည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “ကောင်းကင်တမန်က သူ့ကိုမြွက်ဆိုသည်”ဟု ဆိုကြ၏။ ယေရှုကလည်း“ဤအသံတော်သည် ငါ့အတွက်မဟုတ်ဘဲ သင်တို့အတွက်လာ၏။ ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။ ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကို ငါ့ထံသို့ဆွဲငင်မည်”ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူခြင်းမှာ မိမိသည်မည်သို့သောသေခြင်းမျိုးဖြင့် အသေခံရမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ထိုအခါ လူထုပရိသတ်က “ခရစ်တော်သည် ကာလအစဉ်အဆက်တည်တော်မူ၏ဟု ပညတ်တရားကျမ်းအားဖြင့် အကျွန်ုပ်တို့ကြားသိထားသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားသည် မြှောက်ထားခြင်းခံရမည်’ဟု ဆိုသနည်း။ ဤလူ့သားဆိုသူမှာ မည်သူနည်း”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။ သင်တို့သည် အလင်း၏သားများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းကိုယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအရာများကို ဟောပြောတော်မူပြီးနောက် ထွက်သွား၍ သူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။ ယေရှုသည် ဤမျှလောက်များပြားသော နိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်၌ ပြုတော်မူသော်လည်း သူတို့သည် ကိုယ်တော်ကိုမယုံကြည်ကြပေ။ ဤသည်ကား “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း”ဟု ပရောဖက်ဟေရှာယဟောပြောထားသောစကား ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ သူတို့မယုံကြည်နိုင်သည့်အကြောင်းမှာ ဟေရှာယက “သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။ ဟေရှာယသည် ယေရှု၏ဘုန်းအသရေတော်ကိုမြင်ရသောကြောင့် ဤသို့ပြောဆိုပြီး ကိုယ်တော်၏အကြောင်းကို ဟောပြောခဲ့ခြင်းဖြစ်၏။ မည်သို့ပင်ဖြစ်စေ အကြီးအကဲတို့တွင်လည်း ကိုယ်တော်ကိုယုံကြည်သောသူများစွာရှိကြ၏။ သို့သော် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် ဖာရိရှဲတို့ကြောင့် ဖွင့်မပြောဘဲနေကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။ တစ်ဖန် ယေရှုက“ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။ ငါ့ကိုမြင်သောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုမြင်၏။ ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။ တစ်စုံတစ်ယောက်သည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်းလျှင်လည်း ငါသည် ထိုသူကိုပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။ ငါ့ကိုငြင်းပယ်၍ ငါ့စကားတို့ကိုလက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့်တရားစကားကပင် နောက်ဆုံးသောနေ့၌ ထိုသူကိုပြစ်ဒဏ်စီရင်လိမ့်မည်။ အကြောင်းမူကား ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောသည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင် ငါမည်သို့မြွက်ဆို၍ မည်သို့ဟောပြောရမည်ကို ငါ့အားအမိန့်ပေးတော်မူ၏။ ခမည်းတော်၏အမိန့်တော်သည် ထာဝရအသက်ဖြစ်ကြောင်းကိုငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာတို့ကို ခမည်းတော်က ငါ့အားမိန့်တော်မူသည့်အတိုင်း ငါဟောပြော၏”ဟု ကြွေးကြော်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 12:20-50
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို