YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 11:1-16

ရှင်ယောဟန်ခရစ်ဝင် 11:1-16 MSBU

ထိုအခါ​၌ မာရိ​နှင့်​သူ​၏​အစ်မ​မာသ​တို့​နေထိုင်​ရာ ဗေသနိ​ရွာ​မှ လာဇရု​ဆို​သူ​တစ်​ဦး​သည် နာမကျန်း​ဖြစ်​နေ​၏။ ထို​မာရိ​သည် သခင်​ဘုရား​ကို​ဆီမွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိမိ​ဆံပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာမကျန်း​ဖြစ်​နေ​သော​လာဇရု​သည် သူ​၏​မောင်​ဖြစ်​၏။ ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။ ယေရှု​သည် ထို​အကြောင်း​ကို​ကြား​လျှင်“ဤ​နာမကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေရန်​အတွက်​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​ဘုန်း​တော်​အတွက်​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​သည် ထို​အခြင်းအရာ​အားဖြင့် ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​စေရန်​အတွက်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် မာသ၊ သူ​၏​ညီမ​နှင့် လာဇရု​တို့​ကို ချစ်​တော်မူ​၏။ သို့ဖြစ်၍ လာဇရု​နာမကျန်း​ဖြစ်​သည်​ကို ကြား​တော်မူ​သောအခါ မိမိ​နေ​သော​အရပ်​၌ နှစ်​ရက် ထပ်၍​နေ​တော်မူ​၏။ ထို့နောက် တပည့်​တော်​တို့​အား“ယုဒ​နယ်​သို့ နောက်တစ်ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူမျိုး​တို့​သည် မကြာသေးမီ​က​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာကြံ​နေ​ကြ​ပါလျက်နှင့် ထို​အရပ်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​မည်​လော”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“နေ့​အချိန်​သည် တစ်ဆယ့်နှစ်​နာရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်သူမဆို နေ့​အချိန်​၌​သွားလာ​လျှင် ဤ​လောက​၏​အလင်း​ကို​မြင်​ရ​သောကြောင့် ခလုတ်​မ​တိုက်​မိ​တတ်။ သို့သော် ည​အချိန်​၌​သွားလာ​လျှင် သူ​၌​အလင်း​မ​ရှိ​သောကြောင့် ခလုတ်တိုက်​မိ​တတ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ငါ​တို့​၏​မိတ်ဆွေ​လာဇရု​သည် အိပ်ပျော်​လေ​ပြီ။ သို့ရာတွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​က “သခင်​ဘုရား၊ သူ​အိပ်ပျော်​ပြီ​ဆိုလျှင် သက်သာ​ပါ​လိမ့်မည်”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် လာဇရု​၏​သေဆုံး​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သော်လည်း အနားယူ​အိပ်စက်​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ဟု တပည့်​တော်​တို့​ထင်မှတ်​ကြ​၏။ ထို့ကြောင့် ယေရှု​သည် သူ​တို့​အား အတိအလင်း​ပြောဆို​၍“လာဇရု​သေ​ပြီ။ သို့သော် သင်​တို့​ယုံကြည်​ကြ​ရန် ထို​အရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ မည်သို့ပင်ဖြစ်စေ သူ့​ထံသို့​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဒိဒုမု​ဟု​ခေါ်​သည့်​သောမ​က “ကိုယ်တော်​နှင့်အတူ​အသေခံ​ရန် ငါ​တို့​လည်း လိုက်သွား​ကြ​စို့”​ဟု အခြား​တပည့်​တော်​တို့​အား​ပြောဆို​၏။