YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 10:1-21

ရှင်ယောဟန်ခရစ်ဝင် 10:1-21 MSBU

သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သိုး​ခြံ​ထဲသို့ တံခါးပေါက်​မှ​မ​ဝင်​ဘဲ အခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်​၏။ တံခါးပေါက်​မှ​ဝင်​သော​သူ​မူကား သိုး​တို့​၏​သိုးထိန်း​ဖြစ်​၏။ တံခါးစောင့်​သည် သူ့​ကို တံခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အသံ​ကို​နားထောင်​တတ်​ကြ​၏။ သူ​သည် မိမိ​၏​သိုး​တို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်​တတ်​၏။ မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။ သူစိမ်း​တို့​၏​အသံ​ကို​မူ မ​သိ​ကြ​သောကြောင့် သူစိမ်း​နောက်​သို့ မည်သည့်​အခါ​မျှ မ​လိုက်​သည်​သာမက သူစိမ်း​ထံမှ ထွက်ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​ပုံ​ဥပမာ​ကို လူ​တို့​အား​မိန့်​တော်မူ​သော်လည်း မည်သည့်​အကြောင်းအရာ​များ​မိန့်​တော်မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။ ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။ ငါ့​ထက်​အလျင်​ဦးစွာ​ရောက်လာ​သော​သူ​ရှိသမျှ​တို့​သည် သူခိုး​များ၊ ဓားပြ​များ​ဖြစ်​ကြ​၏။ သို့သော် သိုး​တို့​သည် သူ​တို့​ကို​နားမထောင်​ခဲ့​ကြ။ ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။ သူခိုး​သည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူကား သိုး​တို့​အား အသက်​ကို​ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝ​ပြည့်စုံ​စွာ​ရရှိ​စေရန်​လာ​၏။ ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။ သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။ ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။ ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ခမည်းတော်​သည် ငါ့​ကို​သိ​တော်မူ​၍ ငါ​သည် ခမည်းတော်​ကို​သိ​သကဲ့သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။ ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။ ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။ ငါ​သည် အသက်​ကို​ပြန်လည်​ရယူ​ရန် ငါ့​အသက်​ကို​စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​၏။ မည်သူ​က​မျှ​ငါ့​အသက်​ကို ငါ့​ထံမှ​နုတ်ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အလျောက် ငါ့​အသက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အသက်​ကို​စွန့်​ပိုင်ခွင့်​ရှိ​၍ ၎င်း​ကို ပြန်လည်​ရယူ​ပိုင်ခွင့်​ရှိ​၏။ ငါ​သည် ဤ​အမိန့်​ကို ငါ့​ခမည်းတော်​ထံမှ​ရရှိ​၏”​ဟု မိန့်​တော်မူ​၏။ ဤ​စကား​တော်​များ​ကြောင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကွဲပြား​ခြင်း​ရှိ​ကြ​ပြန်​၏။ သူ​တို့​ထဲမှ အများစု​က “သူ​သည် နတ်ဆိုး​ပူး​၍ ရူးသွပ်​နေ​ပြီ။ သူ့​ကို အဘယ်ကြောင့် နားထောင်​ကြ​သနည်း”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က “ဤ​စကား​တို့​သည် နတ်ဆိုး​ပူး​သူ​၏​စကား​မ​ဟုတ်။ နတ်ဆိုး​သည် မျက်မမြင်​တို့​ကို​မျက်စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

​ရှင်ယောဟန်ခရစ်ဝင် 10:1-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။