YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 1:14-28

ရှင်ယောဟန်ခရစ်ဝင် 1:14-28 MSBU

နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။ ယောဟန်​သည် ထို​အရှင်​၏​အကြောင်း​ကို​သက်သေခံ​လျက် “ငါ့​နောက်​တွင် ကြွလာ​သော​အရှင်​သည် ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေးကြော်​လေ​၏။ အကျွန်ုပ်​တို့​အားလုံး​သည် ထို​အရှင်​၏​ပြည့်စုံ​တော်မူ​ခြင်း​ထဲမှ ကျေးဇူး​တော်​အပေါ်၌ ထပ်ဆင့်​၍ ကျေးဇူး​တော်​ကို​ခံစား​ရ​ကြ​ပြီ။ အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။ ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။ ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။ ယောဟန်​သည် ထိမ်ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်ခံ​၍ “ငါ​သည် ခရစ်တော်​မ​ဟုတ်”​ဟု အတိအလင်း​ပြော​လေ​၏။ ထိုအခါ သူ​တို့​က “သို့ဖြစ်လျှင် သင်​သည်​မည်သူ​နည်း။ ဧလိယ​လော”​ဟု မေး​ကြ​သော် ယောဟန်​က “ငါ​သည် ဧလိယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပရောဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။ ထို​သူ​တို့​က​လည်း “သင်​သည်​မည်သူ​နည်း။ ငါ​တို့​ကို​စေလွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေကြား​နိုင်​ရန် သင့်​အကြောင်း​ကို သင်​မည်သို့​ပြော​မည်နည်း”​ဟု ဆို​ကြ​၏။ ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ​ဟောပြော​ခဲ့​သည့်​အတိုင်း ‘ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ဖြောင့်တန်း​စေ​ကြ​လော့’​ဟူ၍ တော​ကန္တာရ​၌​ဟစ်ကြော်​သော​သူ​၏​အသံ​ဖြစ်​၏”​ဟု ဆို​၏။ ထို​သူ​တို့​သည် ဖာရိရှဲ​တို့​ထဲမှ​စေလွှတ်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။ တစ်ဖန် သူ​တို့​က “သင်​သည် ခရစ်တော်​မ​ဟုတ်၊ ဧလိယ​လည်း​မ​ဟုတ်၊ ထို​ပရောဖက်​လည်း​မ​ဟုတ်​လျှင် အဘယ်ကြောင့်​ဗတ္တိဇံ​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။ ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။ ဤ​အခြင်းအရာ​တို့​သည် ယောဟန်​ဗတ္တိဇံ​ပေး​နေ​သော ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ ဗေသနိ​ရွာ​တွင်​ဖြစ်ပျက်​ခဲ့​၏။