YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 1:1-12

ရှင်ယာကုပ်ဩဝါဒစာ 1:1-12 MSBU

ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​၏​ကျွန် ငါ​ယာကုပ်​သည် အရပ်ရပ်​တို့​၌​ကွဲလွင့်​ပျံ့နှံ့​နေ​သော မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် အမျိုးမျိုး​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့် ကြုံတွေ့​ရ​သောအခါ ဝမ်းမြောက်​စရာ​သက်သက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။ အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။ သင်​တို့​သည် မည်သည့်​ချို့တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်ကျက်​၍​ပြည့်စုံ​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ထို​သည်းခံ​ခြင်း​စုံလင်​သည့်​တိုင်အောင် ပြုစု​ကြ​လော့။ သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။ သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။ ထို​သူ​သည် ထာဝရ​ဘုရား​ထံ​တော်​မှ တစ်စုံတစ်ခု​ကို​ရ​လိမ့်မည်​ဟု မ​ထင်မှတ်​စေ​နှင့်။ ထိုသို့​သော​သူ​သည် စိတ်နှစ်ခွ​ရှိ​၍ မိမိ​ပြု​လေ​သမျှ​တို့​၌ တည်ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။ နိမ့်ပါး​သည့်​အခြေအနေ​၌​ရှိ​သော​ညီအစ်ကို​သည် မိမိ​ချီးမြှောက်​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။ ချမ်းသာ​သော​သူ​သည် မိမိ​နှိမ့်ချ​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။ အကြောင်းမူကား ချမ်းသာ​သော​သူ​သည် မြက်​ပွင့်​ကဲ့သို့ ကွယ်ပျောက်​သွား​လိမ့်မည်။ နေ​သည် အပူရှိန်​နှင့်တကွ​ထွက်လာ​သောအခါ မြက်​ပင်​ကို ညှိုးနွမ်း​ခြောက်သွေ့​စေ​တတ်​၏။ ထိုအခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်တယ်​သော​အဆင်း​သည်​ပျက်စီး​သွား​၏။ ထိုနည်းတူ ချမ်းသာ​သော​သူ​သည်​လည်း မိမိ​၏​စီးပွား​ရှာဖွေ​မှု​အလယ်​၌​ပင် မှေးမှိန်​ကွယ်ပျောက်​သွား​လိမ့်မည်။ စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သည်းခံ​သော​သူ​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား စုံစမ်း​စစ်ဆေး​ခြင်း​ကို​အောင်မြင်​သောအခါ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော အသက်​သရဖူ​ကို ရ​လိမ့်မည်။

​ရှင်ယာကုပ်ဩဝါဒစာ 1:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။