YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 40:18-26

ဟေရှာယအနာဂတ္တိကျမ်း 40:18-26 MSBU

ဘုရားသခင်​သည် မည်သူ​နှင့်​တူ​သနည်း​။ သင်​သည် ဘုရားသခင်​ကို မည်သည့်​ပုံသဏ္ဌာန်​နှင့် နှိုင်းယှဉ်​မည်နည်း​။ ပန်းတဉ်းသမား​သည် ရုပ်တုဆင်းတု​ကို​သွန်းလုပ်​တတ်​၏​။ ပန်းထိမ်သမား​သည်​လည်း ထို​ရုပ်တု​ကို​ရွှေ​ဖြင့်​မွမ်းမံ​ပြီး ငွေ​ဆွဲကြိုး​များ လုပ်ပေး​တတ်​၏​။ ဆင်းရဲသား​မူကား မ​ဆွေးမြည့်​နိုင်​သော​သစ်သား​ကို​ရွေးယူ​ပြီးလျှင် မ​လဲ​နိုင်​သော​ရုပ်တု​ကို ထုလုပ်​ပေး​ရန် ကျွမ်းကျင်​သော​ပန်းပုဆရာ​ကို ရှာဖွေ​တတ်​၏​။ သင်​တို့​မ​သိ​ကြ​သလော​။ သင်​တို့​မ​ကြား​ဖူး​ကြ​သလော​။ အစအဦး​ကတည်းက သင်​တို့​ကို​မ​ပြောပြ​ခဲ့​ကြ​သလော​။ မြေကြီး​စတည်​ကတည်းက သင်​တို့​နား​မ​လည်​ခဲ့​ကြ​သလော​။ ကိုယ်တော်​သည် မြေကြီး​စက်ဝိုင်း​အထက်​တွင် စံပယ်​တော်မူ​၏​။ မြေကြီးသား​တို့​သည် နှံကောင်​သဖွယ်​ဖြစ်​၏​။ မိုးကောင်းကင်​ကို မျက်နှာကြက်​ကဲ့သို့ ဖြန့်ကြက်​တော်မူ​၏​၊ နေစရာ​တဲ​ကဲ့သို့ ဖြန့်​တော်မူ​၏​။ အုပ်ချုပ်​သူ​တို့​ကို ဘာမျှမဟုတ်​သော​သူ​များ​၊ မြေကြီး​ပေါ်ရှိ​တရားသူကြီး​တို့​ကို အရာမဝင်သောသူ​များ ဖြစ်စေ​တော်မူ​၏​။ သူ​တို့​သည် စိုက်​ခါစ​ပျိုးပင်​၊ ကြဲ​ခါစ​မျိုးစေ့​၊ မြေကြီး​ထဲ၌​အမြစ်​စွဲ​ခါစ​အပင်ပေါက်​ကဲ့သို့​ဖြစ်၍ သူ​တို့​ကို မှုတ်​တော်မူ​သဖြင့် သူ​တို့​သည် ခြောက်သွေ့​သွား​မည်​။ ဖွဲ​ကဲ့သို့ လေပွေ​တိုက်​ရာ လွင့်ပါ​သွား​မည်​။ သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ငါ့​ကို မည်သူ​နှင့်​နှိုင်းယှဉ်​မည်နည်း​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​”​ဟု မိန့်​တော်မူ​၏​။ အထက်​သို့ မျှော်ကြည့်​ကြ​လော့​။ ကောင်းကင်တန်ဆာ​များ​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ထို​တန်ဆာ​အလုံးအရင်း​ကို အရေအတွက်​အလိုက် ပေါ်ထွက်​စေ​သော​သူ​၊ အလုံးစုံ​ကို အမည်​ဖြင့်​မှည့်ခေါ်​သော​သူ​ပင်တည်း​။ တန်ခိုး​၊ ခွန်အား​ကြီးမား​တော်မူ​သောကြောင့် ကြွင်းကျန်​ခဲ့​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။