ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။ ထာဝရဘုရား၏ဝိညာဉ်တော်ကို မည်သူလမ်းညွှန်နိုင်သနည်း။ ကိုယ်တော့်ကို အကြံပေးသူ၊ ညွှန်ကြားသူကား မည်သူနည်း။ ကိုယ်တော်သည် မည်သူနှင့်တိုင်ပင်တော်မူသနည်း။ အသိဉာဏ်ကို ကိုယ်တော်အား မည်သူပေးသနည်း။ တရားမျှတခြင်းလမ်းကို ကိုယ်တော်အား မည်သူသင်ကြားပေးသနည်း။ အသိပညာကို ကိုယ်တော်အား မည်သူသင်ကြားပေးသနည်း။ ထိုးထွင်းသိမြင်ခြင်းလမ်းကို ကိုယ်တော်အား မည်သူပြသပေးသနည်း။ လူမျိုးတို့ကို ရေပုံးထဲမှရေတစ်စက်ကဲ့သို့၊ ချိန်ခွင်ပေါ်မှ ဖုန်မှုန့်ကဲ့သို့ ထင်မှတ်၍ ကျွန်းတို့ကို မြူမှုန်ကဲ့သို့ ကိုင်တော်မူ၏။ လက်ဘနွန်တောသည် မီးမွှေးရန်မလုံလောက်။ ထိုတောရှိတောရိုင်းတိရစ္ဆာန်တို့သည်လည်း မီးရှို့ရာယဇ်အတွက်မလုံလောက်။ လူမျိုးအားလုံးတို့သည် ကိုယ်တော်၏ရှေ့တော်၌ ဘာမျှမဟုတ်။ ကိုယ်တော်သည် သူတို့ကို အနတ္တသက်သက်၊ အချည်းနှီးသက်သက်ထက် သာ၍ငယ်သည်ဟု ထင်မှတ်တော်မူ၏။ ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။ ပန်းတဉ်းသမားသည် ရုပ်တုဆင်းတုကိုသွန်းလုပ်တတ်၏။ ပန်းထိမ်သမားသည်လည်း ထိုရုပ်တုကိုရွှေဖြင့်မွမ်းမံပြီး ငွေဆွဲကြိုးများ လုပ်ပေးတတ်၏။ ဆင်းရဲသားမူကား မဆွေးမြည့်နိုင်သောသစ်သားကိုရွေးယူပြီးလျှင် မလဲနိုင်သောရုပ်တုကို ထုလုပ်ပေးရန် ကျွမ်းကျင်သောပန်းပုဆရာကို ရှာဖွေတတ်၏။ သင်တို့မသိကြသလော။ သင်တို့မကြားဖူးကြသလော။ အစအဦးကတည်းက သင်တို့ကိုမပြောပြခဲ့ကြသလော။ မြေကြီးစတည်ကတည်းက သင်တို့နားမလည်ခဲ့ကြသလော။ ကိုယ်တော်သည် မြေကြီးစက်ဝိုင်းအထက်တွင် စံပယ်တော်မူ၏။ မြေကြီးသားတို့သည် နှံကောင်သဖွယ်ဖြစ်၏။ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ဖြန့်ကြက်တော်မူ၏၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူ၏။ အုပ်ချုပ်သူတို့ကို ဘာမျှမဟုတ်သောသူများ၊ မြေကြီးပေါ်ရှိတရားသူကြီးတို့ကို အရာမဝင်သောသူများ ဖြစ်စေတော်မူ၏။ သူတို့သည် စိုက်ခါစပျိုးပင်၊ ကြဲခါစမျိုးစေ့၊ မြေကြီးထဲ၌အမြစ်စွဲခါစအပင်ပေါက်ကဲ့သို့ဖြစ်၍ သူတို့ကို မှုတ်တော်မူသဖြင့် သူတို့သည် ခြောက်သွေ့သွားမည်။ ဖွဲကဲ့သို့ လေပွေတိုက်ရာ လွင့်ပါသွားမည်။ သန့်ရှင်းသောအရှင်က “သင်တို့သည် ငါ့ကို မည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူသည် ငါနှင့်တူသနည်း”ဟု မိန့်တော်မူ၏။ အထက်သို့ မျှော်ကြည့်ကြလော့။ ကောင်းကင်တန်ဆာများကို မည်သူဖန်ဆင်းသနည်း။ ထိုတန်ဆာအလုံးအရင်းကို အရေအတွက်အလိုက် ပေါ်ထွက်စေသောသူ၊ အလုံးစုံကို အမည်ဖြင့်မှည့်ခေါ်သောသူပင်တည်း။ တန်ခိုး၊ ခွန်အားကြီးမားတော်မူသောကြောင့် ကြွင်းကျန်ခဲ့သောအရာတစ်စုံတစ်ခုမျှမရှိ။ အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။ သင်မသိသလော။ သင်မကြားဖူးသလော။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အားအင်ကုန်ခန်းတော်မမူ။ မောပန်းတော်မမူ။ ကိုယ်တော်၏ဉာဏ်ကို စစ်၍မကုန်နိုင်။ ကိုယ်တော်သည် မောပန်းသောသူတို့ကို ခွန်အားပေးတော်မူ၏။ အစွမ်းမရှိသောသူတို့ကို စွမ်းအားနှင့်ပြည့်စုံစေတော်မူ၏။ လူငယ်တို့ပင်လျှင် အားအင်ကုန်ခန်း၍ မောပန်းကြလိမ့်မည်။ သန်မာသောလူငယ်တို့သည်လည်း ခလုတ်တိုက်လဲကျကြလိမ့်မည်။ ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။
ဟေရှာယအနာဂတ္တိကျမ်း 40 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 40
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 40:12-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ